ကရင်နီပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ

(စတုတ္ထမူကြမ်း)

 

 

ကရင်နီပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ (စတုတ္ထမူကြမ်း)။
၂၀၁၉-ခုနှစ်၊နိုဝင်ဘာလ (၂၁)ရက်မှနိုဝင်ဘာလ(၂၃)ရက်နေ့များတွင်မူကြမ်းရေးဆွဲရေးကော်မတီမှပြုစုရေးသားထားသည်။


မာတိကာ

ကရင်နီပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင်အခြေခံရမည့်မူများနှင့်ဝိသေသလက္ခဏာများ

စကားချီး Introduction

နိဒါန်း Preamble

 

အခန်း(၁)။

ကရင်နီပြည်နယ်၏အဂ်ါရပ်များ

အခန်း(၂)။

အခြေခံအခွင့်အရေးနှင့်လွတ်လပ်ခွင့်များ

အခန်း(၃)။ 

ကရင်နီပြည်နယ်လွှတ်တော်

အခန်း(၄) ။

ကရင်နီပြည်ဥပဒေပြုရေး

အခန်း(၅) ။

ကရင်နီပြည်နယ်အုပ်ချုပ်ရေး

အခန်း(၆) ။

ကရင်နီပြည်နယ်တရားစီရင်ရေး

အခန်း(၇)။

ရွေးကောက်ပွဲစနစ်

အခန်း(၈) ။

ဘဏ္ဍာရေးဆိုင်ရာပြဌာန်းချက်များ

အခန်း(၉) ။

ကရင်နီပြည်နယ်သား

အခန်း (၁၀)။

ကော်မစ်ရှင်ဖွဲ့စည်းပုံ

အခန်း(၁၁) ။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း

အခန်း(၁၂) ။

ကရင်နီပြည်နယ်အရေးပေါ်ပြဌာန်းချက်များ

အခန်း(၁၃)။

ပြည်နယ်လုံခြုံရေးနှင့်လက်နက်ကိုင်တပ်ဖွဲ့များ

အခန်း (၁၄)။

ကရင်နီပြည်နယ်စီးပွားရေး

 

 

နောက်ဆက်တွဲ (က)

ကရင်နီပြည်နယ်နှင့်ကရင်နီအမျိုးသားအလံ

နောက်ဆက်တွဲ (ခ)

ကရင်နီပြည်နယ်၏တံဆိပ်

နောက်ဆက်တွဲ (ဂ)

ကရင်နီပြည်နယ်အစိုးရ၏တံဆိပ်

နောက်ဆက်တွဲ (ဃ)

ကရင်နီအမျိုးသားသီချင်း

 

 

ကရင်နီပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် အခြေခံရမည့်မူများနှင့်ဝိသေသလက္ခဏာများ

(၁) ကိုယ်ပိုင်ပြဌာန်းခွင့်(Self-determination)
(၂) တန်းတူရေး (Equality)
(၃) ကရင်နီတိုင်းရင်းသား လူနည်းစုများ၏ အခွင့်အရေးများကို ကာကွယ်ခြင်း (Karenni Ethnic Minonity Rights)
(၄) ဒီမိုကရေစီအခွင့်အရေး၊ အခြေခံလူ့အခွင့်အရေးနှင့်ကျား-မဆိုင်ရာ တန်းတူညီမျှမှု(Democracy, Human Rights and Gender Equality)
(၅) ပါတီစုံဒီမိုကရေစီ(Multi-Party Democracy System)
(၆) ဘာသာရေးကိုအခြေမခံသောပြည်နယ်(Secular State)

 

 

စကားချီး(Introduction)

ကရင်နီမျိုးနွယ်စုတို့သည် မွန်ဂိုလီးယားကုန်းပြင်မြင့်မှ ဆင်းလာပြီး ၇၃၉ဘီစီခန့်က စကာ ဒီးမောဆိုမြေပြန့်တွင် အခြေချနေထိုင်ကာ ကရင်နီပြည်ကို စတင်တည်ထောင်ခဲ့ကြသည်။ ထိုအချိန်မှစ၍ ကိုယ့်မင်းကိုယ်ချင်းဖြင့် အကြီးအကဲများကို ရွေးချယ်တင်မြှောက်လျှက် တိုင်းပြည်ကိုအုပ်ချုပ်စေလေသည်။ နှစ်များမကြာမီတွင် မြောက်အရပ်တွင် နေထိုင်သော ယွန်းပဒေသရာဇ်မင်းသည် ကရင်နီပြည်ကို စစ်ရေးအရဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ကာ ကရင်နီပြည်သူများကို နှစ်တစ်ရာနီးပါးခန့် ဖိနှိပ်အုပ်ချုပ် ခဲ့လေသည်။ သို့သော်ကရင်နီပြည်သူများသည်စည်းလုံးညီညွတ်စွာဖြင့် ယွန်းပဒေသရာဇ်မင်းအား တိုက်ခိုက် မောင်းထုတ်နိုင်ခဲ့ပြီး မိမိတို့အကြီးအကဲကို ပြန်လည်တင်မြှောက်ကာ တိုင်းပြည်ကိုအုပ်ချုပ်စေခဲ့သည်။ ၁၈၅၇-ခုနှစ်တွင် အင်္ဂလိပ်တို့ အစိုးရကိုယ်စားလှယ် လော့ဒါဟိုဇီမှ(Lord Dalhousie) ကရင်နီ၏ သီခြားလွတ်လပ်ရေးကို အသိအမှတ်ပြုခဲ့ပြီး ၁၈၆၂-ခုနှစ်တွင်ကရင်နီနှင့် မဟာမိတ်စာချုပ် ချုပ်ဆိုခဲ့ကြသည်၊ ထို့အပြင် ၁၈၇၅-ခုနှစ်၊ ဇွန်လ(၂၁)ရက်နေ့တွင် အင်္ဂလိပ်ဘုရင်ခံ ဆာဒေါ့ကလပ်ဖော့ဆစ်သ်(Sir Douglas Forsyth)နှင့် ဗမာဘုရင်ခံ ကင်းဝန်မင်းကြီးတို့မှ ကရင်နီ၏ သီးခြားလွတ်လပ်ရေးကို အသိအမှတ်ပြုသည့် နှစ်ပြည်ထောင်စာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။ ၁၈၈၅-ခုနှစ်တွင်အင်္ဂလိပ်တို့မှ ဗမာပြည်တစ်ပြည်လုံးကို သိမ်းပိုက် ခဲ့သည့်တိုင် ကရင်နီမှာ တသီးတခြား ဆက်လက်တည်ရှိခဲ့သည်။ ၁၈၇၃ခုနှစ်တွင်လည်း အရှေ့ကရင်နီနှင့် ဇင်းမယ်ဘုရင်တို့သည် နှစ်ပြည်ထောင်ချစ်ကြည်ရေး တည်ဆောက်ကာ ကျွဲသွေးသောက်သုံးလျှက် နှစ်ဘက်ကိုယ်စားလှယ်မှ "သံလွင်မြစ်ရေမခမ်းခြောက်သရွေ့ကျောက်မိုးဂူ(ဆင်ဖြူဂူ) မပြိုုကျသရွေ့၊ ကျွဲဦးချို မဖြောင့်သရွေ့ နှစ်ပြည်ထောင်ချစ်ကြည်ရေး ထာဝရခိုင်မာစေရမည်"ဟုသစ္စာဆိုခဲ့ကြသည်။ ချစ်ကြည်ရေးခရီး လိုက်ပါခဲ့သည့် မင်းသားကာဝိလ၏ သားတော်မှာလည်း အရှေ့ကရင်နီစောဖျာ၏ သမီးတော်မော်ထွားမယ် (ယိုးဒယား အခေါ်နန်းထွိုင်း) နှင့်လက်ဆက်ထိမ်းမြားခဲ့သည်။ ကရင်နီပြည်၏ အုပ်ချုပ်ရေးကို နယ်ပယ်အလိုက် ခွဲခြားထားပြီးအကြီးအကဲ စောဖျာများမှ တိုက်ရိုက် ကိုင်တွယ် စီမံခဲ့ကြသော်လည်း တစ်ပြည်လုံး၏ အရေးကိစ္စများကို မူနယ်အကြီးအကဲများနှင့် လူထု ကိုယ်စားလှယ်များမှ စုပေါင်းညှိနှိုင်းအဖြေရှာခြင်းများ ပြုလုပ်ကြပါသည်။ သို့သော်၁၉၄၆-ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်နေ့တွင် ကရင်နီတစ်နိုင်ငံလုံး၏ အုပ်ချုပ်ရေးအရပ်ရပ်ကို ဦးစီးဆောင်ရွက်သွားရန် အတွက် လွတ်လပ်သည့်ကရင်နီပြည်ထောင်စု ကောင်စီအစိုးရ (United Karenni Independent States Council)ကို စတင်ဖွ့ဲစည်းခဲ့ပြီး ကရင်နီပြည်၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတစ်ရပ်ပေါ်ပေါ်က်လာရန်ကြိုးပမ်းခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီး ဗိုလ်ချုပ်အောင်ဆန်း အမှုးပြုသည့် ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့ လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ)သည် ဗမာပြည်အား ဗြိတိသျှအစိုးရထံ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းခဲ့ရာတွင်အနေဖြင့် တောင်တန်းဒေသ အုပ်ချုပ်ရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေး၍ လွတ်လပ်ရေးအတူ ရယူရန်ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံမြို့တွင်တွေ့ဆုံကာ ပင်လုံသဘောတူညီချက်ကို ၁၉၄၇ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ပင်လုံညီလာခံသို့ ကရင်နီမှကိုယ်စားလှယ် စေလွတ်ခြင်းမရှိသကဲသို့ သဘောတူညီချက်တွင်လည်း လက်မှတ်ရေးထိုးခြင်းမရှိခဲ့ချေ၊ ပင်လုံသဘောတူညီ ချက်အရ ၁၉၄၇-ခုနှစ်၊ စက်တင်ဘာလတွင် တိုင်းပြုပြည်ပြု လွှတ်တော် တစ်ရပ်ကို ရန်ကုန်တွင်ပြုလုပ်ကာ အခြေခံဥပဒေမူကြမ်း ရေးဆွဲရန်ပြင်ဆင်ခဲ့သည်၊ အဆိုပါလွှတ်တော်သို့ ကရင်နီမှကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခြင်း မရှိခဲ့သော်လည်း အခြေခံဥပဒေ၏ ပုဒ်မ၁၈၀(က)အရ ကရင်နီပြည်အား ဖွဲ့စည်းမည့် ကရင်ပြည်သစ်၏ အထူးဒေသတစ်ခုအဖြစ် ထည့်သွင်းဖော်ပြခဲ့သည်။ ဤအချက်သည် ကရင်နီပြည်သူများ၏ ဆန္ဒသဘောထားကို လုံးဝမျက်ကွယ်ပြုရာ ရောက်သည့်အပြင် တချိန်ကလွတ်လပ်သည့် ကရင်နီပြည်၏ နိုင်ငံရေးဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို သေးသိမ်အောင်ဆောင်ရွက်ရာရောက်ပြီး နောင်ပေါ်ပေါက်လာမည့် ကရင်ပြည်နယ်သစ်တွင်တဘက်သတ်မှ မတရားထည့်သွင်းထားခြင်း ဖြစ်သည်။ ဤသမိုင်းကို ထောက်ရှုခြင်းအားဖြင့် ကရင်နီပြည်သည်မည်သည့်အခါမှ မျှဗမာပြည်၏ အစိပ်အပိုင်းတစ်ခု မဖြစ်ခဲ့သည်မှာ အထင်အရှား ပင်ဖြစ်သည်။ ဤမတရားမှုကို ကရင်နီခေါင်းဆောင်များမှ ဆန့်ကျင်ခဲ့ကြသည်။ ဤဆန့်ကျင်မှုကို လက်နက် အားကိုးဖြင့် ဖြေရှင်းရန်အတွက် ဗမာပြည်လွတ်လပ်ရေးရရှိပြီး (၇)လအကြာ သြဂုတ်လ(၉) ရက်နေ့တွင် ကရင်နီအမျိုးသား အစည်းအရုံးဌာနချုပ်စိုက်ရာဖြစ်သည့် မန်းလားကို ဖဆပလ စစ်ရဲပုလိပ်တပ်ဖွဲ့ဝင်ရောက် ကျူးကျော်တိုက်ခိုက်ရာမှကရင်နီအမျိုးသားတို့၏ လွတ်လပ်ရေးကိုကာကွယ်ထိန်းသိမ်းရေး စတင်ခဲ့ရပါသည်။ ထိုအချိန်မှစ၍ ကရင်နီအမျိုးသားလှုပ်ရှားမှုမှာ အမျိုးသား ခုခံတော်လှန်ရေးအဖြစ် ကရင်နီပြည်၏ သီးခြား လွတ်လပ်ရေးအတွက် တိုက်ပွဲဆင်နွဲ လာခဲ့ခြင်းလည်း ဖြစ်သည်၊ သို့သော်ငြားလည်း ပြောင်းလဲလာနေသောနိုင်ငံရေး ရေစီးကြောင်းနှင့်အညီ အခြားသော တိုင်းရင်းသားလူမျိုးများနှင့် အတူယှဉ်တွဲနေထိုင်နိုင်သည့် (ဗမာအပါအဝင်) ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို အခြားသော တိုင်းရင်းသားလူမျိုးများနှင့်အတူ ပူးပေါင်း တည်ဆောက်ရန်ဆုံးဖြတ်အကောင်အထည်ဖော်ဆောင်လာရခြင်း ဖြစ်ပါသည်။

 

 

နိဒါန်း Preamble

ကရင်နီမျိုးနွယ်များသည် မွန်ဂိုလီးယားကုန်းပြင်မြင့်မှ ဆင်းသက်လာပြီး ဘီစီ၇၃၉မှစတင်၍ ကရင်နီပြည်အား တည်ထောင်ကာ ကိုယ့်ထီးကိုယ်နန်း၊ ကိုယ့်ကံကြမ္မာဖြင့်သီးခြား လွတ်လပ်ခဲ့ပြီး၊ မြေပေါ်မြေအောက် သယံဇာတပေါကြွယ်ဝသည့် တိုင်းပြည်တစ်ပြည်ဖြစ်သည်။ ကရင်နီပြည်အတွင်းမှီတင်း နေထိုင်ကြသော အနွယ်တူအနွယ်ကွဲ လူမျိုးစုများသည်မိမိတို့၏ ဘာသာစကား၊ ယဉ်ကျေးမှု၊ရိုးရာဓလေ့ အမွှေအနှစ်များကို အစဉ်အလာမပျက်ကျင့်သုံး နေထိုင်လာခဲ့ကြသည်။ ကရင်နီပြည်သည် ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များကို အာမခံပြီးစစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်အတွင်း အခြားသော တိုင်းရင်းသားများနှင့်အတူကရင်နီပြည်အား ပါဝင်ဖွဲ့စည်း တည်ဆောက်သွားနိုင်ရန်ဤဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲပြဌာန်းလိုက်သည်။

 

 

အခန်း(၁)
ကရင်နီဲပြည်နယ်၏အင်ဂါရပ်များ

 

ပုဒ်မ၊၁၊ ကရင်နီပြည်နယ်၏ အင်ဂါရပ်

(က)ကရင်နီပြည်နယ်အား ကန္ဒရဝတီနယ်၊ကြယ်ဖိုးကြီးနယ်၊ ဘောလခဲနယ်နှင့်မိုးဗြဲနယ်တို့ဖြင့် စုဖွဲ့ထားသော ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်တစ်ပြည်နယ်ဖြစ်သည်။

(ခ)ကရင်နီပြည်နယ်သည် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်တစ်ပြည်နယ်ဖြစ်သည်။

 

(ပုဒ်မ၊၂၊ အာဏာပိုင်းခြားခြင်း)

အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးဟူသော မဏ္ဍိုင်သုံးရပ်သည် သီးခြားစီ အာဏာရှိ၍ အပြန်အလှန်ထိန်းကျောင်းမှုကိုဤဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံပေးသည်။

 

ပုဒ်မ၊၃၊ ပြည်နယ်၏ အမည်

ပြည်နယ်၏ အမည်ကို ကရင်နီပြည်နယ်ဟု ခေါ်ထွင်စေရမည်။ အင်္ဂလိပ်ဘာသာဖြင့်(Karenni State) ဖြစ်သည်။

 

ပုဒ်မ၊၄၊ ကရင်နီပြည်နယ်၏ နယ်နိမိတ်

ကရင်နီပြည်နယ်သည် မြောက်လတ္တိကျူ့( )နှင့်( )နှင့် အရှေ့လောင်ဂျီကျူ့( )နှင့်( ) အကြားတွင် တည်ရှိပြီး အကျယ်အဝန်းအားဖြင့်( ) စတုရန်းမိုင်ရှိသည်။ အရှေ့ဖက်တွင်
ထိုင်းနိုင်ငံ၊ အနောက်ဖက်တွင်ပျဉ်းမနား၊ တောင်ဖက်တွင် ကရင်ပြည်နယ် (ကော်သူးလေ)၊ မြောက်ဖက်တွင်ရှမ်းပြည်နယ်တို့အကြားတွင်တည်ရှိသည်။

 

ပုဒ်မ၊၅၊ ကရင်နီပြည်နယ်၏ အချုပ်အခြာအာဏာ

ကရင်နီပြည်နယ်၏ အချုပ်အခြာအာဏာသည် ကရင်နီပြည်နယ်သားများထံမှ ဆင်းသက်ရမည်။

 

ပုဒ်မ၊၆၊ အချုပ်အခြာအာဏာကို ကျင့်သုံးခြင်း

(က)

ကရင်နီပြည်နယ်၏ လွှတ်တော်၊ ကရင်နီပြည်နယ်၏ အစိုးရ၊ ကရင်နီပြည်နယ် တရားလွှတ်တော်ချုပ်နှင့် အောက်တရားရုံး အဆင့်ဆင့်တို့သည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေအရ အပ်နှင်းသော ဥပဒေပြုအာဏာ၊ အုပ်ချုပ်မှုအာဏာနှင့် တရားစီရင်ရေးအာဏာများကိုကျင့်သုံးသည်။

(ခ)

ကရင်နီပြည်နယ်၏ လွှတ်တော်၊ ကရင်နီပြည်နယ်၏ အစိုးရ၊ ကရင်နီပြည်နယ် တရားလွှတ်တော်ချုပ်နှင့် အောက်တရားရုံး အဆင့်ဆင့်တို့သည် သက်ဆိုင်ရာ ဥပဒေပြု အာဏာ၊ အုပ်ချုပ်မှုအာဏာနှင့်တရားစီရင်ရေး အာဏာများကိုအသီးသီး ကျင့်သုံးသည်။

 

ပုဒ်မ၊၇၊ နိုင်ငံရေး စနစ်

ကရင်နီပြည်နယ်၏ နိုင်ငံရေးစနစ်သည်ပါတီစုံဒီမိုကရေစီစနစ်ဖြစ်သည်။

 

ပုဒ်မ၊၈၊ အမျိုးသားနှင့် ရုံးသုံးဘာသာစကား

(၁) အမျိုးသားဘာသာစကားသည်ကရင်နီအမျိုးသားဘုံဘာသာစကား ဖြစ်သည်။
(၂) ကရင်နီအမျိုးသားဘာသာစကား(---------)၊ အင်ဂလိပ်နှင့် ဗမာစကားတို့သည် ရုံးသုံးဘာသာ စကားဖြစ်သည်။

 

ပုဒ်မ၊၉၊ ကရင်နီပြည်နယ်နှင့် ကရင်နီအမျိုးသားအလံ  
နောက်ဆက်တွဲ(က) တွင်ဖော်ပြထားသည်။

 

ပုဒ်မ၊၁၀၊ ကရင်နီပြည်နယ်၏ တံဆိပ်

နောက်ဆက်တွဲ(ခ)တွင်ဖော်ပြထားသည်။

 

ပုဒ်မ၊၁၁၊ ကရင်နီပြည်နယ် အစိုးရ၏ တံဆိပ်
နောက်ဆက်တွဲ(ဂ)တွင် ဖော်ပြထားသည်။

 

ပုဒ်မ၊၁၂၊ ကရင်နီအမျိုးသား သီချင်း

နောက်ဆက်တွဲ (ဃ)တွင်ဖော်ပြထားသည်။

 

ပုဒ်မ၊၁၃၊ ကရင်နီပြည်နယ်၏ မြို့တော်

ဒီးမောဆိုသည်ကရင်နီပြည်နယ်၏ မြို့တော်ဖြစ်သည်။

 

ပုဒ်မ၊၁၄၊ ပြည်နယ်၏ အာဏာအမြင့်ဆုံး ဥပဒေ

ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ကျင့်သုံးပိုင်ခွင့်ရှိရန် သဘောတူ ားသည့် အာဏာများမှအပ ကရင်နီပြည်နယ်အတွင်း ဤဖွဲ့စည်းပုံ အခြေခံဥပဒေသည် အာဏာအမြင့်ဆုံး ဥပဒေဖြစ်သည်။

 


အခန်း (၂)

အခြေခံအခွင့်အရေးနှင့် လွတ်လပ်ခွင့်များ

 

ပုဒ်မ၊၁၅၊ အခြေခံ အခွင့်အရေးများ

ကရင်နီပြည်နယ်အတွင်း နေထိုင်သူတိုင်းသည်

(က) လူမျိုးရေး၊ ဘာသာရေး၊ လူမှုအဆင့်အတန်း၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများ၊ နိုင်ငံရေးအယူအဆနှင့်ဘာသာစကားတို့အပေါ်တွင်ခွဲခြားမှုမရှိစေရ၊
(ခ) တရားဥပဒေရှေ့မှောက်တွင်တရားဥပဒေ၏ အကာအကွယ်ကိုတန်းတူခံစားခွင့်ရှိသည်။
(ဂ) လိင်ကွဲပြားမှု၊ အသက်အပိုင်းအခြားနှင့် မသန်စွမ်းဖြစ်မှုတို့အပေါ် ခွဲခြားမှုမရှိဘဲ တရားဥပဒေ ရှေ့မှောက်တွင်တန်းတူမှုရှိသည်။
(ဃ) ပြည်နယ်သားတိုင်းသည်အသက်ရှင်နေထိုင်ခွင့်ရှိသည်။
(င) အတင်းအကြပ်စေခိုင်းခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ ကျွန်ပြုခြင်း၊ လိင်ပိုင်းဆိုင်ရာမတရားပြု ကျင့်ခြင်းနှင့်ဂုဏ်သိက္ခာညှိုးနွမ်းစေခြင်း မရှိစေရ။

 

ပုဒ်မ၊၁၆၊ အခြေခံ လွတ်လပ်ခွင့်များ

(က)

ကရင်နီပြည်နယ်အတွင်း နေထိုင်သူတိုင်းသည်
(၁) လွတ်လပ်စွာတွေးခေါ်ပိုင်ခွင့်၊ ယုံကြည်ခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားခွင့်၊ ပုံနှိပ်ထုတ်ဝေခွင့်၊ သတင်းဖြန့်ချီခွင့်ရှိသည်။

(၂) လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ ဓလေ့ထုံးတမ်းစဉ်လာများကို ကျင့်သုံးခွင့်ရှိသည်။

(၃) လွတ်လပ်စွာစုဝေးခွင့်နှင့်ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခွင့်ရှိသည်။

 

(ခ)

ကရင်နီ ပြည်နယ်သားတိုင်းသည်
(၁) လွတ်လပ်စွာအသင်းအဖွဲ့ဖွဲ့စည်းတည်ထောင်ခွင့်နှင့်ပါဝင်ခွင့်ရှိသည်။
(၂) ကရင်နီပြည်နယ်အတွင်း လွတ်လပ်စွာစီးပွားရှာဖွေခွင့်နှင့် အလုပ်လုပ်ပိုင်ခွင့် ရှိသည်။
(၃) အစိုးရ၏ အုပ်ချုပ်ရေးဌာန/ယန္တရားများထံမှ အများပြည်သူ၏ အကျိုးစီးပွားနှင့် လုံခြုံရေးထိပါးရန် အကြောင်းတစုံတရာရှိသည့် သတင်းအချက်အလက်များမှအပကျန်သတင်းအချက်အလက်များကိုရယူပိုင်ခွင့်ရှိသည်။
(၄) မိမိ၏ကိုယ်ရေးမှတ်တမ်းနှင့် သက်ဆိုင်သော သတင်းအချက်အလက်များကိုအစိုးရ၊ အုပ်ချုပ်ရေးလုပ်ငန်းဌာနများ၊ ကုမ္ပဏီများနှင့် အေဂျင်စီများထံမှ တောင်းဆိုပိုင်ခွင့်နှင့်ရယူပိုင်ခွင့်ရှိသည်။

(ဂ)

ဤပုဒ်မပါ အခြေခံလွတ်လပ်ခွင့်များအား ကျင့်သုံးရာတွင် ဒီမိုကရေစီကျင့်စဉ်များနှင့် အများပြည်သူ၏ အကျိုးစီးပွားကို မထိခိုက်စေသည့်ဥပဒေများကို ပြည်နယ်လွှတ်တော်မှပြဌာန်း စေရမည်။

 

ပြည်နယ်သားနှင့် နိုင်ငံရေး အခွင့်အရေးများ

ပုဒ်မ၊၁၇၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အခွင့်အရေး

ကရင်နီပြည်နယ်အတွင်း နေထိုင်သည့် အသက်(၁၈)နှစ်ပြည့်ပြီး သူတိုင်း လွတ်လပ်စွာ လက်ထပ်ထိမ်းမြားပိုင်ခွင့်ရှိသည်။

 

ပုဒ်မ၊၁၈၊ အကာအကွယ်ရယူခွင့် အခွင့်အရေး

ကရင်နီပြည်နယ်အတွင်း နေထိုင်သူမည်သူမဆိုကျိုးကြောင်း ခိုင်လုံမှုမရှိဘဲ-
(က) လူပုဂ္ဂိုလ်နှင့်နေအိမ်ဥပစာရှာဖွေခံရခြင်း
(ခ) ပစ္စည်းဥစ္စာများရှာဖွေခံရခြင်း
(ဂ) ပိုင်ဆိုင်မှုပစ္စည်းများ သိမ်းဆည်းခံရခြင်း
(ဃ) ကိုယ်ရေးအတွင်းရေးမှတ်တမ်း၊ သတင်းအချက်အလက်များ ချိုးဖောက်ရယူခံရခြင်း
(င) အီးမေးလ်၊ဖုန်း၊ဖက်(စ်)နှင့် စာပေးစာယူ၊ ကြေးနန်းစာစသည့် ဆက်သွယ်ရေးကိစ္စများချိုးဖောက်ခံရခြင်းတို့မှအကာအကွယ်ရယူပိုင်ခွင့်ရှိသည်။

 

ပုဒ်မ၊၁၉၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့် အခွင့်အရေး

(က) ကရင်နီပြည်နယ်သားတိုင်းသည်တရားသဖြင့်ရှာဖွေ ရရှိထားသော ခြံ၊မြေ၊ လယ်ယာ၊ ပစ္စည်းဥစ္စာများအပေါ် ပိုင်ဆိုင်ခွင့်၊လွှဲပြောင်းခွင့်၊ ထုခွဲရောင်းချပိုင်ခွင့်နှင့် အမွေဆက်ခံ ပိုင်ခွင့်ရှိသည်။
(ခ) ကရင်နီပြည်နယ်သားတိုင်းသည်အများပြည်သူ၏ အကျိုးအလို့ငှာ အစိုးရမှမိမိ၏ ခြံ၊မြေ၊ လယ်ယာနှင့်ပစ္စည်းများကို ဥပဒေနှင့်အညီ သိမ်းပိုက်သည်ရှိသော် သိမ်းဆည်းခံရသူ အနေဖြင့် ကာလတန်ဖိုးနှင့်လျှော်ညီသော နစ်နာကြေး၊ လျှော်ကြေးများကို တလုံးတခဲ တည်း အစိုးရထံတောင်းဆိုရယူပိုင်ခွင့်ရှိသည်။

 

ပုဒ်မ၊၂၀၊ ဖမ်းဆီးချုပ်နှောင်ခံရသူ၏ အခွင့်အရေး

(က) ကရင်နီပြည်နယ်အတွင်း နေထိုင်သူမည်သူမဆိုသံသယဖြင့် ချုပ်နှောင်ခံရခြင်း၊ ထောင်သွင်းအကျဉ်းချခံရခြင်း မရှိစေရ။
(ခ) ဖမ်းဆီးချုပ်နှောင်ခံရသူတိုင်း အပေါ်လူ့ဂုဏ်သိက္ခာနှင့်အညီဆက်ဆံရမည်။
(ဂ) ဖမ်းဆီးချုပ်နှောင်ခံရသူ မည်သူကိုမဆို ဝရမ်းအရ မဟုတ်လျှင် (၂၄)နာရီထက် ကျော်လွန်၍ ချုပ်နှောင်ထားခြင်းမရှိစေရ၊ (၂၄)နာရီထက်ကျော်လွန်၍ ချုပ်နှောင်ရန် လုံလောက်သော အကြောင်းရှိလျှင် သက်ဆိုင်ရာ တရားရုံးသို့ စွပ်စွဲခံရသူနှင့်တကွ အစီရင်ခံတင်ပြပြီး တရားသူကြီးတစ်ဦးဦး၏ ချုပ်မိန့်ဖြင့်သာ တည်ဆဲ တရားဥပဒေ နှင့်အညီဆက်လက်ချုပ်နှောင်ပိုင်ခွင့်ရှိစေရမည်။

 

ပုဒ်မ၊၂၁၊ နိုင်ငံရေး အခွင့်အရေး

ကရင်နီပြည်နယ်သားတိုင်းသည်အောက်ပါကိစ္စရပ်များ အပါအဝင်နိုင်ငံရေး ရွေးချယ်မှုတ့ိုအား လွတ်လပ်စွာ ဆောင်ရွက်နိုင်သည်။
(က) နိုင်ငံရေးပါတီတစ်ရပ်အား ဖွဲ့စည်းတည်ထောင်ခြင်း။
(ခ) နိုင်ငံရေးပါတီတစ်ခု၏ လှုပ်ရှားမှုတွင်ပါဝင်ခြင်း (သို့) နိုင်ငံရေးပါတီ တစ်ခုအတွက် အသင်းဝင်များစုဆောင်းခြင်း။
(ဂ) နိုင်ငံရေးပါတီတစ်ခုအတွက်မဲဆွယ်ဟောပြော(စည်းရုံး)ခြင်း။
(ဃ) ရွေးကောက်ပွဲများတွင်ပါဝင်အရွေးချယ်ခံပိုင်ခွင့်နှင့်မဲပေးပိုင်ခွင့်ရှိခြင်း။

 

ပုဒ်မ၊၂၂၊ တရားစွဲဆိုခံရခြင်းဆိုင်ရာ အခွင့်အရေး

တစုံတယောက်သည်ပြစ်မှုတခုခုနှင့်တရားစွဲဆိုခြင်းခံရပါက

(က) အဆိုပါပြစ်မှုနှင့်တရားစွဲဆိုထားကြောင်းကိုနှောင့်နှေးခြင်းမရှိစေပဲ ကြားသိစေရမည်။ 

(ခ) အမြန်ဆုံးအချိန်ကာလအတွင်း စစ်ဆေးကြားနာရမည်။
(ဂ) တရားစွဲဆိုခြင်းခံရသူ ဆန္ဒနှင့်ဆန့်ကျင်၍ သက်သေထွက်ဆိုရန် အတင်းအကြပ်ပြုခြင်း မခံစေရ။
(ဃ) ဥပဒေနှင့်အညီ ခုခံချေပပိုင်ခွင့် အပြည့်အဝရှိစေရမည်၊ တရားစွဲဆိုခြင်းခံရသူ၏ ကိုယ်စားဥပဒေ အကျိုးဆောင်ငှားရမ်းရန် မတတ်နိုင်ပါက အစိုးရမှကျခံ ငှားရမ်း ပေးရမည်။
(င) သက်သေခေါ်ယူပိုင်ခွင့်ရှိစေရမည်။
(စ) တရားစွဲဆိုခြင်းခံရသူ နားလည်နိုင်သော ဘာသာစကားဖြင့် စစ်ဆေးကြားနာမှု ခံယူခွင့်ရှိစေရမည်။ ယင်းသို့ဆောင်ရွက်ရန် အခက်အခဲရှိပါက စကားပြန်၏ အကူအညီကိုရယူခွင့်ရှိစေရမည်။
(ဆ) စီရင်ချက်အပေါ် တရားရုံးအဆင့်ဆင့်နှင့်ကရင်နီပြည်နယ်၏ အမြင့်ဆုံးအာဏာပိုင်သို့ အယူခံပိုင်ခွင့်ရှိစေရမည်။ ကြားနာသော တရားခွင်အားလုံးသည် အများပြည်သူ လွတ်လပ်စွာ တက်ရောက်နားထောင်နိုင်သော တရားစီရင်ရေး ရုံးများ ဖြစ်ရမည်။
(ဇ) တည်ဆဲဥပဒေသည်လက်ရှိကျင့်သုံးနေ ဓလေ့ထုံးတမ်း ဥပဒေများအပေါ် သြဇာအာဏာ သက်ရောက်မှုရှိစေရမည်။

 

ပုဒ်မ၊၂၃၊ တရားစီရင်ခြင်းနှင့် ပြစ်ဒါဏ်

(က) လူတစ်ဦးသည်မိမိကျူးလွန်သောပြစ်မှုအရသာ ပြစ်ဒါဏ်ကျခံစေရမည်။
(ခ) ပြစ်မှုဖြစ်ပွားစဉ်အချိန်တွင်တည်ရှိနေသော တည်ဆဲတရားဥပဒေအရသာ စီရင်စေရမည်။
(ဂ) လူ့သိက္ခာ ညှိုးနွမ်းသေးသိမ်စေသော ပြစ်ဒါဏ်များကျခံစေခြင်း မရှိစေရ။
(ဃ) တရားသေလွတ်ခြင်းခံရပြီးသော မည်သူတဦးတယောက်ကိုမဆို အဆိုပါပြစ်မှုအတွက် ထပ်မံဖမ်းဆီးစစ်ဆေး စီရင်ခြင်းမပြုစေရ။
(င) မည်သူမဆို ပြစ်မှုတစ်ခုအတွက်တစ်ကြိမ်ထက်ပို၍ ပြစ်ဒါဏ်ချမှတ်ခြင်း မခံစေရ။

 

ပုဒ်မ၊၂၄၊ ကရင်နီပြည်နယ် အစိုးရ၏ အကာအကွယ်ရယူခြင်း

ကရင်နီပြည်နယ်သားတိုင်းသည် ပြည်နယ်အတွင်းနှင့် ပြည်နယ်ပြင်ပ နှစ်ခုစလုံး၌ ကရင်နီပြည်နယ် အစိုးရ၏ ကာကွယ်စောင့်ရှောက်မှုကို တောင်းဆိုပိုင်ခွင့်နှင့် ရယူပိုင်ခွင့်ရှိစေရမည်။

 

ပုဒ်မ၊၂၅၊ လွတ်လပ်စွာ သွားလာခွင့်

ပြည်နယ်သားတိုင်းသည် ပြည်နယ်အတွင်း၌ သော်လည်းကောင်း၊ ဖက်ဒရယ် ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များတွင် သော်လည်းကောင်း၊ ပြည်ပနိုင်ငံများသို့ သော်လည်းကောင်း လွတ်လပ်စွာ သွားလာပိုင်ခွင့်ရှိသည်။

 

 

စီးပွားရေး၊လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ

 

ပုဒ်မ၊၂၆၊ အလုပ်လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့် အခွင့်အရေးများ။

၁၈ နှစ်ပြည့်ပြီးသော ကရင်နီပြည်နယ်သားတိုင်းသည်လူမျိုး၊ဘာသာ၊ လိင်၊ အဆင့်အတန်း ခွဲခြားခြင်းမရှိစေဘဲ-
(က) အလုပ်လုပ်ပိုင်ခွင့်နှင့်အလုပ်ရွေးချယ်ပိုင်ခွင့်ရှိစေရမည်။
(ခ) သတ်မှတ်ထားသော လုပ်ငန်းချိန်နှင့်အညီလစာခံစားခွင့်ရှိစေရမည်။
(ဂ) လုပ်ငန်းခွင်အတွင်း မတော်တဆ ထိခိုက်ဒဏ်ရာရရှိခဲ့ပါက ထိုက်သင့်သောနစ် နာကြေးများ ရရှိစေရမည်။
(ဃ) ကျိုးကြောင်းဆီလျော်ခြင်းမရှိဘဲ လစာဆုံးရှုံးရခြင်းမျိုးမရှိစေရ။
(င) ခိုင်လုံသောအကြောင်းပြချက် တစုံတရာမရှိဘဲ လုပ်ငန်းခွင်မှ ထုတ်ပယ်ခံရခြင်း မရှိစေရ။
(စ) မိမိလုပ်အားနှင့်ညီမျှသောလုပ်အားခကိုခံစားပိုင်ခွင့်ရှိရမည်။
(ဆ) လုံခြုံသောလုပ်ငန်းခွင်ရရှိစေရမည်။

 

ပုဒ်မ၊၂၇၊ ပညာရေး အခွင့်အရေး

(က) လူတိုင်းပညာရေးကိုလွတ်လပ်စွာသင်ယူပိုင်ခွင့်ရှိရမည်။
(ခ) လူတိုင်းသည် အသက်မွေးဝမ်းကျောင်းမှုနှင့် ပတ်သက်သော ပညာရပ်များ၊ အတတ်ပညာများ၊ အထက်တန်းပညာရပ်များနှင့် အခြားပညာ အရပ်ရပ်တို့ကို သတ်မှတ်ထားသော ပညာအရည်အချင်းအပေါ် မူတည်ပြီး လွတ်လပ်စွာ ရွေးချယ် ပိုင်ခွင့်ရှိရမည်။
(ဂ) အသက်(၅)နှစ်ပြည့်ပြီးသူတိုင်း အခြေခံပညာကို မသင်မနေရဖြင့်အခမဲ့သင်ကြားပေး ရမည်။
(ဃ) အလယ်တန်း ပညာအထိအခမဲ့သင်ယူခွင့်ရှိရမည်။
(င) ဆင်းရဲနွမ်းပါးသော ကျောင်းသူ၊ ကျောင်းသားများသည်အစိုးရထံမှ ပညာသင်ထောက်ပံ့ ကြေးရရှိရန်လျောက်ထားပိုင်ခွင့်ရှိသည်။

(စ) ပုဂ္ဂလိကကျောင်းများ၊ တက္ကသိုလ်၊ကောလိပ်များ၊ သိပ္ပံနှင့်အသက်မွေးဝမ်းကျောင်းဆိုင်ရာ အဆင့်မြင့်ပညာသင်ကျောင်းများကို သတ်မှတ်ပြဌာန်းထားသော ဥပဒေနှင့်အညီ ဖွင့်လှစ်တည်ထောင်ပိုင်ခွင့်ရှိစေရမည်။
(ဆ) ထူးချွန်ကျောင်းသူ/သားများအနေနှင့်ပညာသင်စရိတ်ရရှိပိုင်ခွင့်နှင့်နိုင်ငံခြားပညာတော် သင်အခွင့်အလမ်း ရရှိစေရမည်။
(ဇ) မသန်စွမ်းသူများအတွက်အထူးပညာရေးရရှိပိုင်ခွင့်ရှိရမည်။

 

ပုဒ်မ၊၂၈၊ ကျန်းမာရေး အခွင့်အရေး

(က)ကရင်နီပြည်နယ်တွင်း နေထိုင်သူတိုင်းသည် ကရင်နီပြည်နယ် အတွင်းတွင် ကျန်းမာရေးပြုစုစောင့်ရှောက်မှုအခွင့်အရေးကိုတန်းတူရရှိစေရမည်။
(ခ) ကရင်နီပြည်နယ်အတွင်းတွင် လိုင်စင်ရဆရာဝန်များ၊ တိုင်းရင်းဆေးဆရာများအနေဖြင့် ပုဂ္ဂလိကဆေးခန်းများ၊ ဆေးဆိုင်များ ဖွင့်လှစ်ပိုင်ခွင့်ရှိသည်။
(ဂ) ကရင်နီပြည်နယ်အတွင်း ပုဂ္ဂလိက ဆေးရုံဆေးခန်းဖွင့်လှစ် လိုသူများသည် ဥပဒေနှင့်အညီဖွင့်လှစ်တည်ထောင်ခွင့်ရှိသည်။
(ဃ) ကရင်နီ ပြည်နယ်သားတိုင်းသည် မိမိ၏မိသားစု စီမံကိန်းများကို လွတ်လပ်စွာ စီမံဆောင်ရွက်ပိုင်ခွင့်ရှိသည်။
(င) ကရင်နီ ပြည်နယ်သားတိုင်းသည် ပဏာမကျန်းမာရေးအဆင့်တွင် ကာကွယ် စောင့်ရှောက်မှုနှင့်ကုသမှုအခမဲ့ရယူပိုင်ခွင့်ရှိရမည်။
(စ) ကရင်နီ ပြည်နယ်သားတိုင်းသည် ထိရောက်သော ကျန်းမာရေးဝန်ဆောင်မှုကို လက်လှမ်းမှီရမည်။
(ဆ) ဆင်းရဲနွမ်းပါးသူများအနေဖြင့် အစိုးရထံကျန်းမာရေး ကုသစရိတ် အကူအညီ လျောက်ထား ပိုင်ခွင့်ရှိသည်။

 

 

ပုဒ်မ၊၂၉၊ ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေး

ကရင်နီ ပြည်နယ်သားတိုင်းသည် မိမိတို့လူမျိုးစု၏ ဘာသာစကား၊ စာပေယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာများတို့ကို ထိန်းသိမ်းစောင့်ရှောက်ခွင့်၊ လွတ်လပ်စွာသင်ကြားပိုင်ခွင့်နှင့် တိုးတက်ပြန့်ပွားအောင်ဆောင်ရွက်ပိုင်ခွင့်ရှိစေရမည်။

 

ပုဒ်မ၊၃၀၊ ကလေးများ အခွင့်အရေး

(က) ကလေးတိုင်းသည် မိဘ(သို့)စောင့်ရှောက်သူတို့၏ ကာကွယ်မှု၊ စောင့်ရှောက်မှု၊ ပြုစုပျိုးထောင်မှုတို့ကိုခံစားပိုင်ခွင့်ရှိရမည်။

(ခ) ကလေးတိုင်းသည် လုံခြုံသော ပတ်ဝန်းကျင်အသိုင်းအဝိုင်း၏ စောင့်ရှောက်မှုကိုခံစားပိုင်ခွင့်ရှိရမည်။
(ဂ) မိဘများ (သို့) စောင့်ရှောက်သူတို့က ကလေးများအပေါ် ပြုစုပျိုးထောင်မှု ပျက်ကွက် သည့် အခါတွင်လည်းကောင်း၊ ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေခြင်း သို့မဟုတ်အန္တာရယ်တစ်ခုခု ကျရောက်စေခြင်းမှအပ ကလေးများကို မိဘ(သို့) စောင့်ရှောက်သူများ သဘောမတူဘဲ အိမ်ထောင်စုမှ ခွဲထုတ်ခြင်း မပြုရ။
(ဃ) ကလေးတိုင်းသည် ကိုယ်ကျိုးစီးပွားအတွက် ခေါင်းပုံဖြတ်အသုံးချခြင်း၊ ၎င်းတို့၏ စိတ်ဓါတ်၊ ကျန်းမာရေးနှင့် ခန္တာကိုယ်ဖွံ့ဖြိုးမှုများကို ထိခိုက်စေသည့် လုပ်ငန်းများ၌ အတင်းအကြပ်စေခိုင်းမှုများတို့မှကာကွယ်စောင့်ရှောက်မှုရယူပိုင်ခွင့်ရှိရမည်။
(င) အသက်(၁၈)နှစ် မပြည့်သေးသည့် ကလေးများအား နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက်ပါဝင်တာဝန်ထမ်းဆောင်ခြင်း လုံးဝခွင့်မပြု။
(စ) အသက်(၁၈)နှစ်မပြည့်သေးသည့်ကလေးများအား အတင်းအကြပ်မတရားခိုင်းစေမှု မပြုရ၊
(ဆ) ကလေးတိုင်းသည်လွတ်လပ်စွာ ပညာသင်ယူပိုင်ခွင့်ရှိရမည်။
(ဇ) အခြေအနေမဲ့၊ မိဘမဲ့ကလေးများသည်ကရင်နီပြည်နယ်အစိုးရ၏ ကာကွယ်စောင့်ရှောက် မှုကိုခံစားပိုင်ခွင့်ရရှိရမည်။

 

ပုဒ်မ၊၃၁၊ အမျိုးသမီး အခွင့်အရေး

(က) အမျိုးသမီးများသည်အမျိုးသားများနှင့်တန်းတူအခွင့်အရေး ရရှိစေရမည်။
(ခ) အမျိုးသမီးများအား နိုင်ငံရေး၊ လူမှုရေး၊ပညာရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းခွင် များတွင်ခွဲခြားမှုမရှိစေဘဲ လုပ်ငန်းနယ်ပယ်အသီးသီးတွင်ပါဝင်ဆုံးဖြတ်လုပ်ဆောင် နိုင်ရေးအတွက်အထူးလုပ်ငန်း စီမံဆောင်ရွက်ချက်များချမှတ်ဖော်ဆောင်ခွင့်ရှိရမည်။
(ဂ) လိင်ကွဲပြားမှုပေါ် အခြေခံ၍ အနိုင်ထက်ပြုကျင့်ခံရခြင်း မရှိစေရ။

 

ပုဒ်မ၊၃၂၊ မသန်စွမ်းသူများ အခွင့်အရေး

(က) မသန်စွမ်းသူများ အထူးပံ့ပိုးကူညီစောင့်ရှောက်မှုခံစားပိုင်ခွင့်ရှိသည်။
(ခ) မသန်စွမ်းသူများ ခွဲခြားဆက်ဆံခြင်းမရှိစေရန်ဥပဒေ၏ ကာကွယ်စောင့်ရှောက်မှု ရရှိပိုင်ခွင့်ရှိသည်။
(ဂ) မသန်စွမ်းသူများအား နိုင်ငံရေး၊လူမှုရေး၊ပညာရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းခွင် များတွင် ခွဲခြားမှုမရှိစေဘဲ လုပ်ငန်းနယ်ပယ်အသီးသီးတွင် ပါဝင်ဆုံးဖြတ် လုပ်ဆောင် နိုင်ရေးအတွက်အထူးလုပ်ငန်းစီမံဆောင်ရွက်ချက်များချမှတ်ဖော်ဆောင်ခွင့်ရှိရမည်။

 

ပုဒ်မ၊၃၃၊ သက်ကြီးရွယ်အို အခွင့်အရေး

သက်ကြီးရွယ်အိုများသည် ကာကွယ်စောင့်ရှောက်မှုနှင့် လူမှုဖူလုံရေး အခွင့်အရေးများ ရရှိပိုင်ခွင့်ရှိသည်။

 

ပုဒ်မ၊၃၄၊ လူငယ်ရေးရာ အခွင့်အရေး

(က) လူငယ်များသည်နယ်ပယ်အသီးသီး၌ ပါဝင်ခွင့်နှင့်ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။
(ခ) လူငယ်များ၏ စိတ်ဓါတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာ၊ တီထွင် ကြံဆမှုနှင့် နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငယ်ရွယ်စဉ်ကတည်းက ပြုစုပျိုးထောင်မှုကိုခံစားပိုင်ခွင့်ရှိသည်။

 

ပုဒ်မ၊၃၅၊ တောင်သူလယ်သမားများ အခွင့်အရေး

(က) တောင်သူလယ်သမားတိုင်းသည် သီးနှံများကိုလွတ်လပ်စွာစိုက်ပျိုးခွင့်၊ ရောင်းချခွင့်၊ ထုတ်လုပ်ခွင့်ရှိရမည်။
(ခ) တောင်သူလယ်သမား သမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်ခွင့်နှင့် စည်းရုံးခွင့်များ ရရှိစေရမည်။
(ဂ) စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် အသုံးပြုနေသည့် ဓာတုဆေးများ မျိုးရိုးဗီဇ ပြုပြင်ထားသောသီးနှံများ၊ မျိုးစေ့များကြောင့် နေ့စဉ်လူနေမှုဘ၀ ထိခိုက်နေခြင်းကို ထိရောက်စွာ ကာကွယ်မှုကိုရရှိပိုင်ခွင့်ရှိရမည်။
(ဃ) တောင်သူလယ်သမားများသည် ဈေးကွက် တည်ငြိမ်မှုရှိစေရန်နှင့် ထိခိုက်နစ်နာ ဆုံးရှုံးမှုများ မရှိစေရန်အစိုးရ၏ ကာကွယ်စောင့်ရှောက်မှုကိုရယူပိုင်ခွင့်ရှိသည်။
(င) တောင်သူလယ်သမားများ၏ ပမာဏကြီးမားသော စိုက်ပျိုးမြေများကို မတရား သိမ်းဆည်း ခံရခြင်း မရှိစေရ၊
(စ) တောင်သူလယ်သမား၏ အသုံးချမြေယာများ၊ ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်လာသော မြေယာများပိုင်ဆိုင်ခွင့်ရှိသည်။ (အထက်ပါ တောင်သူလယ်သမားများ ၏အခွင့်အရေးများ အားရရှိပိုင်ခွင့် နှင့်ကာကွယ် စောင့်ရှောက်ပိုင်ခွင့်ရှိရန် ကရင်နီပြည်လွှတ်တော်မှ လိုအပ်သော ဥပဒေများ၊ နည်းဥပဒေ များကို ပြဌာန်းပေးရမည်။)

 

ပုဒ်မ၊၃၆၊ ဌာနေလူနည်းစုများ အခွင့်အရေး

(က) ဌာနေလူနည်းစုများအား နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းခွင်တို့၌ ခွဲခြားမှုမရှိစေပဲ လုပ်ငန်းနယ်ပယ် အသီးသီးတွင် ပါဝင်လုပ်ဆောင်နိုင်ရေးအတွက် အထူးလုပ်ငန်း စီမံချက်များ ချမှတ်ဖော်ဆောင်ပေးရမည်။
(ခ) ဌာနေလူနည်းစုများ၏ ဒေသတွင်းစီမံကိန်းများ ဆောင်ရွက်ပါက ဒေသခံများ၏ ပူးပေါင်းပါဝင်မှု ကြိုတင်အကြောင်းကြားမှုနှင့် စီမံခန့်ခွဲမှုများဆိုင်ရာ အခွင့်အရေးများ ရှိရမည်။ (လွတ်လပ်သော ကြိုတင်အသိပေး အကြောင်းကြားသဘောတူညီမှုရယူခြင်း Free Prior Informed Consent (FPIC))
(ဂ) ဌာနေတိုင်းရင်းသား၏ မိရိုးဖလာတတ်သိပညာ (traditional knowledge) နှင့် အသိညဏ်ပိုင်ပစ္စည်း (intellectual property)များအား ပြုစုပျိုးထောင်ခွင့်၊ ထိန်းသိမ်း ပိုင်ခွင့်နှင့်ဆက်လက်သင်ကြားပိုင်ခွင့်များ ရှိရမည်။

 

 

သဘာဝပတ်ဝန်းကျင်၊ ယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အရေး

 

ပုဒ်မ၊၃၇၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေး

(က) သက်ရှိသက်မဲ့ သဘာဝပတ်ဝန်းကျင်သည် ညစ်ညမ်းခြင်းနှင့် သိမ်ဖျင်းစေခြင်းတို့မှ ကင်းလွတ်ရှင်သန်ကြီးထွား ပိုင်ခွင့်ရှိသည်။
(ခ) ကရင်နီပြည်တွင်း အခြေချနေထိုင်သူတိုင်းသည် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်သည့်လူနေမှုဘ၀ ရယူပိုင်ဆိုင်ခွင့်ရှိသည်။
(ဂ) လူထုများအနေဖြင့် အနီးပတ်ဝန်းကျင်ရှိသစ်တောများကို လူထုအစုအဖွဲ့ ပိုင်သစ်တော (community forest) အဖြစ်ထိန်းသိမ်းစောင့်ရှောက်ခွင့်ရှိရမည်။
(ဃ) ကရင်နီပြည်တွင်း အခြေချနေထိုင်သူတိုင်းသည် မိမိတို့ သဘာဝပတ်ဝန်ကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခွင့်ရှိသည်။

 

ပုဒ်မ၊၃၈၊ လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်ခွင့်

(က) လူတိုင်းသည် မိမိ၏လူ့အခွင့်အရေးကို ချိုးဖောက်ခံရသောအခါ လူ့အခွင့်အရေး ကော်မစ်ရှင်ကိုတိုင်ကြားပိုင်ခွင့်နှင့်ဥပဒေ၏ ကာကွယ်စောင့်ရှောက်မှုကိုရယူပိုင်ခွင့်ရှိရမည်။
(ခ) ပြည်နယ်သားတိုင်းသည် နိုင်ငံတကာ လူ့အခွင့်အရေး ကြေငြာစာတမ်းပါ ပြဌာန်းချက်နှင့်အညီမိမိ၏အခွင့်အရေးကိုကာကွယ်စောင့်ရှောက်မှုရယူပိုင်ခွင့်ရှိသည်။

 

ပုဒ်မ၊၃၉၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အကာအကွယ်ကို ရယူခြင်း

(က) ကရင်နီပြည်နယ်အတွင်း နေထိုင်သူတိုင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အကာ အကွယ်ရယူရန် လိုအပ်သောအခါ၌ ပြည်နယ် တရားလွှတ်တော်ချုပ်သို့ လျောက်ထားပိုင်ခွင့်ရှိသည်။

(ခ) ဤအခွင့်အရေးများကိုမည်သည့်အခြေအနေတွင်မှရပ်ဆိုင်းထားခြင်းမရှိစေရ။

 

ပုဒ်မ၊၄၀၊ ကရင်နီပြည်နယ် အားကာကွယ်စောင့်ရှောက်ခြင်း

(က) ကရင်နီပြည်နယ်သားတိုင်းသည်ကရင်နီပြည်ကိုကာကွယ်ရန်တာဝန်ရှိသည်။
(ခ) အသက်(၁၈)နှစ်ပြည့်ပြီးသော ကရင်နီပြည်နယ်သားတိုင်းသည်အခြေခံစစ်ပညာကို မဖြစ်မနေ သင်ကြားတတ်မြောက်ထားရမည်။


 

 

 

 

 

 

 

 

Share

Your encouragement is valuable to us

Your stories help make websites like this possible.