ဗိုလ်ချုပ်အောင်ဆန်းနှင့်တိုင်းရင်းသားခေါင်းဆောင်များ ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်နှင့် အနာဂတ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန် အခြေခံမူများအခြေခံကျောရိုးများ ချမှတ်ထားသည့်အချက်များအပေါ် ပြုစုရှင်းလင်းတင်ပြခြင်း။

 

ခွန်းမားရ်ကိုဘန် Khau Marko Ban

MP - DOKNU, Pekhon Township

၁၉၉၀ ပြည်သူ့ လွတ်တော်ကိုယ်စားလှယ်များအဖွဲ့ (MBU) အဖွဲ့ ဝင်၊ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ( ၂၃ ) ရက်နေ့


 

ပင်လုံစာချုပ် ချုပ်ဆိုခြင်း။

 

(က) ရှမ်းကချင်၊ ချင်းတိုင်းရင်းသားခေါင်းဆောင်များ ပင်လုံစာချုပ်အခြေခံမူများ (၅) ရက် သဘောတူချမှတ်ခြင်း။

ရှမ်းကချင်၊ ချင်း ပင်လုံစာချုပ်အကြိုသဘောတူညီချက် ပြင်ဆင်ထားခြင်း။

၁၉၄၇-ခုနှစ်ဖေဖော်ဝါရီလ(၆-၇)ရက်တွင် ပင်လုံမြို့၌ကျင်းပသော ရှမ်းကချင်ချင်းကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်။

 

ပင်လုံစာချုပ်အခြေခံမူများ

အနာဂတ်ပြည်ထောင်စုမဖွဲ့စည်းမီ ကြားဖြတ်ကာလအတွက် ဗမာပြည်မနှင့် ဘယ်ပုံဘယ်နည်း ပူးပေါင်းဆက်သွယ်မည်ကို ၁၉၄၇ - ခုနှစ် ဖေဖော်ဝါရီလ ၆-၇ ရက်နေ့ ပင်လုံတွင် ကျင်းပသောရှမ်းစော်ဘွား ကိုယ်စားလှယ်များ၊ ရှမ်းလူထုကိုယ်စာလှယ်များ၊ ကချင်ခေါင်းဆောင်များ၊ ချင်းခေါင်းဆောင်များပါဝင်သော အစည်းအဝေးက အောက်ပါအတိုင်းဆုံးဖြတ်ကြသည်။

နယ်စပ်ဒေသခေါင်းဆောင်များသည် အနာဂတ်ပြည်ထောင်စုဖွဲ့စည်းရေးနှင့်ပတ်သက်၍ တိုင်းပြု ပြည်ပြုလွှတ်တော်သို့တက်ရောက်ရန် တညီတညွတ်တည်းသဘောတူကြသည်။ ရှမ်းနှင့်ကချင်ကော်မတီအစည်းအဝေးက ဗမာပြည်မနှင့်ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ရှမ်းနှင့် ကချင်တို့သည် လွတ်လပ်ရေးကိုပိုမိုလျင်မြန်စွာရရှိမည်ဟု ယုံကြည်သည့်အလျှောက် အကူးအပြောင်း ကာလတွင် ဗမာပြည်အစိုးရအမှုဆောင်ကောင်စီ၌ ပါဝင်ဆောင်ရွက်ရန်အတွက် မိမိတို့လူမျိုးအသီးသီး ကိုယ်စားလှယ်များကို အောက်ပါအချက်အလက်များအရ ပို့လွှတ်မည်။

(၁) ဗမာတို့နှင့် အဆင့်အတန်းတူအခွင့်ရေးတူရပိုင်ခွင့်တူဒီမိုကရေစီကျကျ ခံစားခွင့်ရှိရမည်

(၂) အမှုဆောင်ကော်မတီတွင်ပါဝင်ဆောင်ရွက်ကြသော ရှမ်းကိုယ်စားလှယ်နှင့် ကချင်ကိုယ်စားလှယ် တို ့သည် မိမိတို့လူမျိုးအသီးသီး၏ ပြည်တွင်းရေးရာအားလုံးအတွက် တာဝန်ယူဆောင်ရွက်ကြရမည်ထို့အပြင်  ကာကွယ်ရေး၊ နိုင်ငံရေး ၊ မီးရထား အကောက်တော် အစရှိသော အားလုံးနှင့် သက်ဆိုင်သည့်ကိစ္စများအတွက် အားလုံး စုပေါင်းတာဝန်ယူ ဆောင်ရွက်ကြရမည်။

(၃) ကချင်တို့ကသီးခြားကချင်ပြည် အလိုရှိကြောင်းတောင်းဆိုချက်ကို ဤကော်မတီကထောက်ခံသည်။

(၄) ဗမာပြည်အစိုးရနှင့် ဗြိတိသျှအစိုးရ၏ အောင်ဆန်း - အက်တလီစာချုပ် သဘောတူညီချက်များသည်။ ရှမ်း ၊ ကချင်တို့နှင့်ပတ်သက်ခြင်း မရှိစေရ။ (၅) လွတ်လပ်ရေးရပြီးသည့်နောက် ဗမာ "ပြည်ထောင်စု” မှ ကျွန်ုပ်တို့သဘောကျသည့် အချိန်တွင် ခွဲထွက်ခွင့်ရှိစေမည်။

 

(က) ဗဟိုအခွန်တော်ငွေနှင့်စပ်လျဉ်း၍ ရှမ်းတို့ခံစားရသောအခွင့်အရေးနှင့် ရပိုင်ခွင့်အားလုံးတို့ အတိုင်း ချင်းနှင့်ကချင်တို့ကလည်း လူဦးရေအလိုက်ခံစားခွင့် ရှိစေရမည်။

(ခ) ချင်းတို့ဒေသတွင် ဘဏ္ဍာရေးမလုံလောက်မှုရှိခဲ့သော် ဗမာပြည်အခွန်တော်ဆက်ငွေများမှ ဖြည့်တင်းသုံးစွဲရမည်။

(ဂ) ရှမ်း ကချင် ချင်းကိုယ်စားလှယ်များပါဝင်သော တောင်တန်းသားများစည်းလုံးညီညွတ်ရေး အဖွဲ့ ဦးစီးအမှုဆောင်ကောင်စီတရပ်ကို ဖွဲ့စည်းတည်ထောင်ရမည်။ ၎င်းအမှုဆောင်ကောင်စီ၌ တောင်တန်းသားများနှင့် ဗမာပြည်အစိုးရတို့အကြားတွင် ပေါ်ပေါက်သမျှသော ပေါ်လစီဆိုင်ရာ ကိစ္စရပ်အားလုံးနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ပေးနိုင်သော အာဏာအပြည့်အစုံရှိရမည်။

လက်မှတ်ရေးထိုးသူများ

ရှမ်းကော်မတီ (၁၄)ဦး ကချင်ကော်မတီ (၆)ဦး ချင်းကော်မတီ (၃)ဦး။ 

ရှမ်း၊ ကချင်၊ ချင်းတိုင်းရင်းသားခေါင်းဆောင်များသည် တောင်တန်း ဒေသများက ဗမာပြည်မနှင့် တပြိုင်တည်း လွတ်လပ်ရေးရယူရန် မိမိတို့သဘောတူညီချက်များကို ၁၉၄၇ - ခုနှစ် ဖေဖော်ဝါရီလ (၇) ရက်နေ့တွင်အပြီးပြင်ဆင်ထားပြီးဖြစ်၍ ရှမ်း၊ ကချင်၊ ချင်းခေါင်းဆောင်များ သဘောတူညီချက်သည် သမိုင်းဝင်ပင်လုံစာချုပ်ကြီး၏ ရှေ့ပြေးအခြေခံအချက်များပင်ဖြစ်သည်။ ပင်လုံစာချုပ်၏ ပဋိညာဉ်အခြေခံ အချက်များလည်း ဖြစ်ပေသည်။


 

(ခ) ပင်လုံစာချုပ်ချုပ်ဆိုခြင်း

၁၉၄၇-ခုနှစ်၊ဖေဖော်ဝါရီလ(၈)ရက်နေ့တွင် ပင်လုံသို့ ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော ဗမာခေါင်းဆောင်များနှင့်အတူ ဗြိတိသျှအစိုးရကိုယ်စားလှယ် မစ္စတာဘော်တွမ်လေတို့ ရောက်ရှိလာရာ ဗမာပြည်မနှင့် နယ်စပ်ဒေသပူးပေါင်းရေးပြဿနာမှာ အထူးတလည်းဆွေးနွေးစရာမလိုတော့ဘဲပြီးစီးသလောက်ပင် ဖြစ်ပေသည်။ နယ်စပ်ဒေသကိုယ်စာလှယ်များ၏ဆုံးဖြတ်ချက်များကို အချောကိုင်လိုက်ခြင်းဖြင့် ပင်လုံစာချုပ်ကြီးပေါက်ဖွားလာလေသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များတို့သည် ရှမ်း၊ ကချင်၊ ချင်း သဘောတူညီချက်(၅)ချက်အပေါ် အမြော်အမြင်ကြီးစွာဖြင့် ဖေဖော်ဝါရီ(၈-၉)ရက်များတွင် ကြိုတင်ညှိနှိုင်းတိုင်ပင်ဆွေးနွေးကြရာ သဘောတူညီနိုင်မည့်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ထို့ကြောင့် ၁၉၄၇-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဗမာပြည်အစိုးရကိုယ်စာလှယ်များ၊ ရှမ်းစော်ဘွားကြီးများ၊ ရှမ်းပြည်လူထုကိုယ်စာလှယ်များ၊ ကချင်ဒူးဝါးကြီးများ၊ ကချင်လူထုကိုယ်စာလှယ်များ နှင့် ချင်းတောင်တန်းဒေသမှ ခေါင်းဆောင်များသည် ပင်လုံညီလာခံကြီးကို စတင်ကျင်းပနိုင်ခဲ့သည်။

၁၉၄၇-ခုနှစ်၊ ဖေဖော်ဝါရီလ(၁၀)ရက်နေ့ ပင်လုံညီလာခံကြီး စတင်ကျင်းပလျှင်ကျင်းပခြင်း ဗိုလ်ချုပ် အောင်ဆန်းက မိန့်ခွန်းပြောကြားရာမှာ တောင်တန်းနယ်များအား ဗြိတိသျှအုပ်ချုပ်သည်ကို ဗမာများကမကြိုက်ကြောင်း၊ ဗမာများသည် တောင်တန်းဒေသအတွက်ပြောဆိုခြင်းမှာ ဗမာပြည်နှင့်တန်းတူအဆင့်အတန်း၊ အခွင့်အရေးရစေလိုသောကြောင့်ဖြစ်ကြောင်၊ းဗမာလူမျိုးသည်ဗြိတိသျှကျွန်ဖြစ်သည်ကို ဗမာကမကြိုက်ကြောင်း၊ ထိုနည်းတူတောင်တန်းလူမျိုးများသည် ဗမာကျွန်အဖြစ် မဖြစ်စေရကြောင်း ရှေးဦးစွာပြောကြားသွားသည်။

ထို့နောက် ရှမ်း၊ ကချင်၊ ချင်းခေါင်းဆောင်ကြီးများ၏ သဘောတူညီဆုံးဖြတ်ချက်များ(၅)ချက် အပေါ် တစ်ချက်ချင်းအလိုက် အောက်ပါအတိုင်း ပြန်လည်ဆွေးနွေး ရှင်းလင်းတင်ပြသွားသည် - 

၁။ ဆုံးဖြတ်ချက် (၁) နှင့်ပတ်သက်၍ ဗမာတို့နှင့်အဆင့်အတန်းတူ၊ အခွင့်အလမ်းတူ၊ ရပိုင်ခွင့်တူဒီမိုကရေစီကျကျခံစားခွင့် ရှိစေရမည်ဆိုသည့်အချက်နှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရပြီးနောက် ဗမာနိုင်ငံတွင် အဆင့်အတန်းခွဲခြားခြင်းမရှိစေရန်နှင့် အားလုံးတန်းတူရည်တူခံစားခွင့်ရရှိစေရန် အစည်းဝေးကြီးတွင် အာမခံချက်ပေးကြောင် းပြောကြားလိုက်ရာ ကိုယ်စားလှယ်များက တခဲနက် ဩဘာပေးကြသည်။

၂။ ဆုံးဖြတ်ချက် (၂) နှင့်ပတ်သက်၍ မူအားဖြင့်လက်ခံပြီး အထူးပြောစရာမရှိကြောင်း ပြောကြား သည်။ ကိုယ်စားလှယ်အားလုံးကလည်း ထပ်မံဆွေးနွေးကြခြင်းမရှိချေ။

၃။ ဆုံးဖြတ်ချက် (၃) နှင့်ပတ်သက်၍ ကချင်တောင်တန်းဒေသတွင် အကျုံးမဝင်သည့် မြစ်ကြီးနားဗန်းမော်ခရိုင်နှင့် ကသာမြေပြန့်ဒေသများမပါဘဲ ကချင်ပြည်နယ်ဟုပြည်နယ်တခုအဖြစ် ရပ်တည်နိုင်လိမ့်မည်ဟု မိမိမယုံကြည်ကြောင်း၊ သို့သော် မိမိအနေဖြင့်လုပ်ပိုင်ခွင့်မရှိသော်လည်း ကချင်လူမျိုးများလိုလားတောင့်တလျက်ရှိသည့် ကချင်ပြည်နယ်ဖြစ်လာရေးကိုလေးစား၍ မူအားဖြင့်မိမိထောက်ခံကြောင်း။ ယင်းကိစ္စကိုလည်း ရက်သတ္တပတ်အနည်းငယ်အတွင်း ရန်ကုန်၌ ကျင်းပမည့် ဖဆပလညီလာခံတွင် မိမိကိုယ်တိုင်အဆိုတင်သွင်းမည်ဖြစ်ကြောင်းပြောကြားရာ ကိုယ်စားလှယ်များက တခဲနက်ဩဘာပေးကြသည်။

၄။ ဆုံးဖြတ်ချက် (၄) နှင့်ပတ်သက်၍ အောင်ဆန်း- အက်တလီစာချုပ်ကို လက်ခံခြင်းမပြုဟူသောကိစ္စမှာ ယခုဆွေးနွေးနေသည့်ကိစ္စနှင့်စပ်ဆိုင်ခြင်းမရှိသဖြင့် ဝေဖန်ဆွေးနွေးရန်မလိုကြောင်း ပြောကြားသွားသည်။

၅။ ဆုံးဖြတ်ချက် (၅) ခွဲထွက်ခွင့်နှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းက မူအားဖြင့်လက်ခံပြီး ဤအစည်းအဝေးက ဆုံးဖြတ်နိုင်မည်မဟုတ်ကြောင်း၊ တိုင်းပြုပြည်ပြုလွတ်တော်တွင်တင်သွင်း၍ ဆုံးဖြတ်ရမည့်ကိစ္စ ဖြစ်ကြောင်းတင်ပြရာ အများကလက်ခံကြသည်။

တောင်တန်းဒေသခေါင်းဆောင်များ၏ ဘဏ္ဍာရေးငွေခွဲဝေသုံးစွဲရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးမေးမြန်းချက်များကို ဗိုလ်ချုပ်အောင်ဆန်းနှင့်ဦးတင်ထွဋ်တို့က ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးနှင့်စပ်လျဉ်း၍ အချိုးကျခွဲဝေသုံးစွဲရမည်ဖြစ်ကြောင်း၊ ဗြိတိသျှအစိုးရလက်အောက်တွင်ရရှိစဉ်ကထက် ပို၍ရရှိစေရမည်၊ အာမခံချက်ပေးသည်ဟု ပြန်လည်ရှင်းလင်းသွားသည်။

 


 

(ခ) ပင်လုံစာချုပ် ချုပ်ဆိုခြင်း။

ဖေဖော်ဝါရီလ (၁၂) ရက်နေ့ ပင်လုံစာချုပ်

ဗမာပြည်ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ အဖွဲ့ဝင်အချို့နှင့်စပ်ဖများအားလုံးတို့အပြင် ရှမ်းပြည်နယ်များ၊ ကချင်တောင်တန်းဒေသများနှင့် ချင်းတောင်တန်းဒေသတို့မှ ကိုယ်စားလှယ်များတက်ရောက်ကြသော ပင်လုံမြို့တွင်ကျင်းပသည့် အစည်းအဝေးကြီးတရပ်တွင် -

ကြားဖြတ်ဗမာအစိုးရနှင့် ချက်ခြင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမိုလျင်မြန်စွာရရှိလိမ့်မည်ဟု အစည်းအဝေးတက်ရောက်သူ အဖွဲ့ဝင်တို့သည် ကန့်ကွက်သူမရှိဘဲ အောက်ပါအတိုင်း သဘောတူညီကြလေသည် - 

၁။ တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ (တစညဖ)၏ ကြိုးကိုင်အဖွဲ့ကိုယ်စားလှယ်များ ထောက်ခံချက်အရ တောင်တန်းများ၏ ကိုယ်စားလှယ်တဦးကို ဘုရင်ခံကရွေးချယ်ပြီး နယ်စပ်ဒေသများကိစ္စနှင့် ပတ်သက်၍ ဆောင်ရွက်ရန်အတွက် ဘုရင်ခံ၏အတိုင်ခံပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။

၂။ ဤအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏အမှုဆောင်ကောင်စီတွင်ဌာနလက်ကိုင်မရှိ၊ ကောင်စီဝင်တဦးအဖြစ်ခန့်ထား၍ ကာကွယ်ရေးနှင့် ပြည်ပကိစ္စရပ်များတွင် ထုံးနည်းဥပဒေအရ အမှုဆောင်ကောင်စီ၏ အာဏာလက်အောက်သို့ ရောက်ရှိသည့်နည်းအတူ နယ်စပ်ဒေသကိစ္စများကိုလည်း အမှုဆောင်ကောင်စီ၏ အာဏာလက်အောက်သို့ ရောက်ရှိစေရမည်။ ဤနည်းများအတိုင်း နယ်စပ်ဒေသဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်အား အုပ်ချုပ်ခွင့်အာဏာကို ပေးအပ်ရမည်။

၃။ အဆိုပါ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ၎င်းနှင့်လူမျိုးချင်းမတူသော ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးက ကူညီစေရမည်။ ရှေးဦးစွာ ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်နှစ်ဦးတို့သည် ၎င်းတို့အသီးသီးသက်ဆိုင်သည့် နယ်များ၏ကိစ္စရပ်များကို ဆောင်ရွက်ရန်ဖြစ်၍ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ အခြားနယ်စပ်ဒေသ အားလုံးတို့၏ကိစ္စရပ်များကို ဆောင်ရွက်စေရန်ဖြစ်သည်။

၄။ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် နယ်စပ်ဒေသများ၏ တဦးတည်းသောကိုယ်စားလှယ်အဖြစ်ပါဝင်ရမည်ဖြစ်သော်လည်း ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်များသည် နယ်စပ်ဒေသများနှင့် သက်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည့်အခါ အမှုဆောင်ကောင်စီတွင် တက်ရောက်နိုင်ခွင့် ရှိစေရမည်။

၅။ အထက်တွင် သဘောတူညီသည့်အတိုင်း ဘုရင်ခံ၏အမှုဆောင်ကောင်စီကို တိုးချဲ့မည်ဖြစ် သော်လည်းနယ်စပ်ဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့်နည်းနှင့်မဆို တစုံတစ်ရာ လက်လွှတ်စေရန် အဆိုပါကောင်စီက ပြုလုပ်ခြင်းမရှိစေရ။ နယ်စပ်ဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာခိုင်နှုန်းအပြည့် ရှိစေရမည်ဟူသောမူကို သဘောတူညီကြသည်။

၆။ ပူးပေါင်းထားပြီးသော ဗမာပြည်အတွင်း သီးသန့်ကချင်ပြည်နယ်တခု နယ်နိမိတ်သတ်မှတ်၍ တည်ဆောက်ရန်ပြသာနာမှာ တိုင်းပြုပြည်ပြု လွှတ်တော်က ဆုံးဖြတ်ရန်ဖြစ်သော်လည်းကောင်း ဤကဲ့သို့ သီးခြားပြည်နယ်တစ်ခု ထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက်အထမြောက်စေရန် အလို့ဌာ ပထမခြေလှမ်းအနေဖြင့် ၁၉၃၅-ခုနှစ်ဗမာနိုင်ငံတော်အစိုးရ အက်ဥပဒေအရ နောက်ဆက်တွဲစာရင်းပါ အပိုင်း(၂) ဒေသများကဲ့သို့  မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေးတွင် နယ်စပ်ဒေသအတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်တို့အား ဆွေးနွေးတိုင်ပင်ရမည်။

၇။ နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများတွင်အခြေခံများအဖြစ် အသိအမှတ်ပြုထားပြီးသော အခွင့်အရးများတို့ကို ခံစားပိုင်ခွင့်ရှိစေရမည်။

၈။ ဤစာချုပ်တွင် သဘောတူညီကြသည့် အစီအစဉ်မှာ ပဒေသရာဇ် ရှမ်းပြည်နယ်စုတွင် ယခုအပ်နှင်းထားပြီးသော ဘဏ္ဍာရေးနှင့်ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်ခြင်းမရှိစေရန်။

၉။ ဤစာချုပ်တွင် သဘောတူညီကြသည့် အစီအစဉ်တို့မှာ မြန်မာပြည်အခွန်တော်ငွေမျာ၊း ကချင်တောင်တန်းနယ်များနှင့် ချင်းတောင်တန်းနယ်များက ရသင့်ရထိုက်သော ဘဏ္ဍာရေးအကူအညီကို ထိခိုက်ခြင်းမရှိစေရ။ မြန်မာပြည်နှင့် ရှမ်းပြည်နယ်မြေစု၏ ဘဏ္ဍာရေးအစီအစဉ်များကဲ့သို့ ကချင်တောင်တန်းနှင့် ချင်းတောင်တန်းများတို့အတွက် အလားတူ အစီအစဉ်များကို ထားရှိကျင့်သုံးရန် ဖြစ်နိုင်မည် မဖြစ်နိုင်မည် ကို ဘုရင်ခံ၏အမှုဆောင်ကောင်စီက နယ်စပ်ဒေသများ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်တို့နှင့်အတူ စစ်ဆေးကြည့်ရှုရမည်။

လက်မှတ်ရေးထိုးကြသူများ - ရှမ်းကော်မတီ (၁၄) ဦး၊ ကချင်ကောင်မတီ (၆) ဦး၊ ချင်းကော်မတီ (၃) ဦး၊ ဗမာနိုင်ငံတော်အစိုးရ(၁) ဦး။

 

မှတ်ချက်

၁။ ၁၉၄၇-ခုနှစ်၊ဖေဖော်ဝါရီလ( ၆ - ၇ )ရက်နေ့တွင် ကျင်းပပြုလုပ်သော ရှမ်း၊ ကချင်၊ ချင်း အစည်း အဝေးဆုံးဖြတ်ချက် (၅) ချက်သည် ပင်လုံစာချုပ်၏အခြေခံမူဖြစ်ပြီး၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ချုပ်ဆို ထားသော စာချုပ်သည်အကောင်အထည်ဖော်ရန် လုပ်ငန်းစဉ်ဖြစ်သည်။

၂။ ပင်လုံစာချုပ်သည် လူမျိုးကိုယ်စားပြုစာချုပ်မဟုတ်ပါ နယ်မြေကိုယ်စားပြုစာချုပ်ဖြစ်သည်။ သို့ဖြစ်ပါ၍ ဗမာပြည်မ (Burma Proper) နယ်မြေတွင် အတူတကွနေထိုင်ကြသော ကရင်၊ မွန်၊ မြန်မာ၊ ရခိုင် တိုင်းရင်းသားလူမျိုးကိုယ်စားပြုအဖွဲ့အစည်းများသည် ဖဆပလအဖွဲ့ချုပ်တွင် ပါဝင်သည့်ပြင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သောအစိုးရတွင် အားလုံးပါဝင်ကြသည်။ ထို့ကြောင့် ပင်လုံစာချုပ်တွင် ဗိုလ်ချုပ်အောင်ဆန်းက ဝန်ကြီးချုပ်အဖြစ် အားလုံးကိုကိုယ်စားပြု လက်မှတ်ထိုးထားခြင်းဖြစ်သည်။

၃။ ပင်လုံစာချုပ်နှင့် ပင်လုံစိတ်ဓါတ်ပဋိညာဉ်များသည် တိုင်းရင်းသားလူမျိုးများအတွက် စစ်မှန်သေ ပြည်ထောင်စုစိတ်ဓါတ်ကို တည်ဆောက်ပေးနိုင်သဖြင့် ဗမာပြည်နှင့် ရှမ်းပြည်၊ ကချင်ပြည်၊ ချင်းပြည်စသည့် တောင်တန်းမြေပြန့်နယ်မြေများ တပြိုင်တည်းလွတ်လပ်ရေးကို အမိအရ ဆွတ်ခူးပေးနိုင်ခဲ့သည်။

၄။ ပင်လုံစာချုပ်၏ ရည်မှန်းချက် (၂) ချက် -

(၁) ပြည်ထောင်လေးပြည်ထောင်တစ်ပြိုင်တည်းလွတ်လပ်ရေးရယူရန်

(၂)အမျိုးသားများ တန်းတူရည်တူ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖယ်ဒရယ်ဒီမိုကရေစီ တည်ဆောက် ရေးပင်ဖြစ်သည်။


 

အနာဂတ်ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန် အခြေခံမူများ၊ အခြေခံကျောရိုးများ ကဏ္ဍ (၃) ခု ချမှတ်ခြင်း။

ကဏ္ဍ (၁)။ တောင်တန်းဒေသနယ်မြေများရှိ လူထုသဘောထားရယူရန် တောင်းတန်းဒေသများ အထူးစုံစမ်းစစ်ဆေးရေးကော်မတီ၏ စုံစမ်းစစ်ဆေးရေးလုပ်ငန်းကို ၁၉၄၇ ခုနှစ် မတ်လ ၁၈ ရက်နေ့ မှ ၁၉၄၇ ခုနှစ် ဧပြီလ ၂၁ ရက်နေ့ထိ အချိန်ယူတွေ့ ဆုံဆွေးနွေးပြီးနောက် ၁၉၄၇ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် အစီရင်ခံတင်သွင်းနိုင်ခဲ့ပေသည်။ တောင်တန်းဒေသစုံစမ်းရေးအဖွဲ့ကို ဗြိတိသျှအကြံပြုသော အဖွဲ့ ဥက္ကဌ ရီး(စ်)ဝီလျံ၊ မြန်မာပြည်မဝန် ကြီး ဦးတင်ထွဋ်၊ ပဆပလ ဒုဥက္ကဌ သခင်နု၊ ဖဆပလအဖွဲ့ဝင် ဗိုလ်ခင်မောင်လေးဝန်းကြီးဦးကျော်ငြိမ်းနှင့် တောင်တန်းဒေသဘက်မှ မိုင်းပွန်စော်ဘွား စဝ်စံထွန်း၊ ဆမားဒူးဝါးဆင်ဝါးနောက်ဦးဝမ်ကိုဟောစောစံကေတို့ပါဝင်သော စုံစမ်းရေးအဖွဲ့ကို ဖွဲ့စည်းသည်။ အတွင်းရေးမှူးအဖြစ် လက်ဒဝစ်နှင့် တွဲဖက်အတွင်းရေးမှူးအဖြစ် ဦးထွန်းဖေ၊ ဗိုလ်ရှမ်းလုံဦးကျော်ငြိမ်းတို့ ပါဝင်ဖွဲ့စည်းထားသည်။ ရှမ်း၊ ကချင်၊ ကရင်နီ၊ ချင်း၊ ဝ၊ ကရင် စသည့်တောင်တန်းဒေသကိုယ်စားလှယ်များ ထွက်ဆိုချက်များ ကို အောက်ပါအတိုင်း အကျဉ်းချုပ်မျှ ဖော်ပြထားသည်။

(၁) ရှမ်းပြည်စော်ဘွားများ၊ ရှမ်းပြည်ခေါင်းဆောင်များတို့၏ ထွက်ဆိုချက်မှာ ရှမ်းပြည်သည် အမျိုးသားများတန်းတူရည်တူ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ပြည်ထောင်စုတွင်ပါဝင်လိုပြီး ခွဲထွက်လိုသည့်အချိန်တွင် ခွဲထွက်ခွင့်ရှိရမည်။

(၂) ကချင်းဒူးဝါးများ ကချင်ခေါင်းဆောင်များတို ၏ထွက်ဆိုချက်မှာ ကချင်ပြည်သည် အမျိုးသားများတန်းတူရည်တူ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ပြည်ထောင်စုတွင်ပါဝင်လိုပြီး ခွဲထွက်လိုသည့် အချိန်တွင် ခွဲထွက်ခွင့်ရှိရမည်။

(၃) ကရင်နီပြည်သည် သီးခြားလွတ်လပ်သည့်ပြည် ဖြစ်သည့်အတွက် သဘောထားကိုမေးမြန်းရန်မလိုပေ သို့ရာတွင် ကရင်နီပြည်သည် တောင်တန်းဒေသနယ်မြေများနှင့်လည်းကောင်းဗမာပြည်မနှင့် လည်းကောင်း စီးပွားရေးနှင့်လူမှုရေးအရ နီးစပ်ဆက်နွယ်နေသောကြောင့် ၄င်းတို့ ၏ဆန္ဒသဘောထားကို သိရှိနိုင်ရန် စုံစမ်းရေးအဖွဲ့က ဖိတ်ကြားခဲ့ပြီး ၁၉၄၇ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ တွင် စုံစမ်းရေးအဖွဲ့ သို့ကရင်နီခေါင်းဆောင်များနှင့် မိုးဗြဲနယ်ကိုယ်စားလှယ်များ (၁၀) ဦးတို့သည် ရောက်ရှိလာခဲ့သည်ကရင်နီကိုယ်စားလှယ်သည် ကရင်နီနယ် (၃) နယ်နှင့် မိုးဗြဲနယ်တို့မှ ကိုယ်စားလှယ်များပါဝင်ပုံ ကရင်နီနယ် တို့မှာ လွတ်လပ်သောပြည်ဖြစ်သော်လည်း တောင်တန်းဒေသအုပ်ချုပ်ရေးအဖွဲ့ ဩဇာနာခံပုံတို့ကိုပြောကြား၍ အသင့်ယူဆောင်လာသော သဘောထားစာတမ်းကို စုံစမ်းရေးအဖွဲ့ထံ တင်သွင်းသည်။

ထိုစာတမ်းတွင် -

(၁) လွတ်လပ်သော ကရင်နီနယ်၏ အခွင့်အရေးကို မထိခိုက်စေလျှင် တောင်တန်းဒေသ အုပ်ချုပ်ရေးနှင့် ပူးပေါင်းမည်။

(၂) တောင်းတန်းဒေသအုပ်ချုပ်ရေးနှင့် ပူးပေါင်းမိလျှင် ကရင်နီကိုယ်စားလှယ်တစ်ဦးအား တောင်းတန်းသားများ စည်းလုံးညီညွတ်ရေးဦးစီးအဖွဲ့ တွင် အတိုင်ပင်ခံကောင်စီဝင်အဖြစ် ခန့်ထားရမည်။

(၃) ကရင်နီနယ်များအား လုံးဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရမည်။

(၄) တောင်တန်းဒေသအုပ်ချုပ်ရေးနှင့် ပူးပေါင်းသော်လည်း ကရင်နီနယ်ပြည်သူလူထုက ထိုအဖွဲ့ မှ ခွဲထွက်လိုလျှင် ခွဲထွက်နိုင်ခွင့်ရှိရမည်။

(၅) နိုင်ငံခြားရေး၊ စာပို့တိုက်နှင့် ကြေးနန်းလမ်းပမ်းဆက်သွယ်ရေး၊ ဘဏ္ဍာရေးကာကွယ်ရေး စသည်တို့ကဲ့သို့တစ်နိုင်ငံလုံးနှင့်ဆိုင်သောအရေးကိစ္စများကို တောင်တန်းသားများ စည်းလုံးညီညွတ်ရေး ဦးစီးအဖွဲ့ တွင်ပါဝင်သော ကရင်နီနယ်အတိုင်ပင်ခံကောင်စီဝင်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

(၆) ကရင်နီကျေးလက်ဖွံ့ဖြိုးရေးအတွက် လိုအပ်သောအကူအညီကို ကရင်နီနယ်၏ အင်အားမပြည့်စုံမီအတွင်း မြန်မာအစိုးရထံမှ ရယူမည်။

(၇) ကောက်ခံရရှိသော အမြတ်တော်ခွန်ပြန်အမ်းငွေနှင့် အကောက်တော်ခွန်စသည်တို့ကို ကရင်နီနယ်က အချိုးကျရယူမည်။

(၈) ကရင်နီပြည်တွင်းရေးကိစ္စများကို ဆောင်ရွက်ရန်အလို့ငှာ ကရင်နီနယ်ကောင်စီကို ဖွဲ့စည်းမည်။ အတိုင်ပင်ခံကောင်စီဝင်လူကြီးများကို လူထုကရွေးချယ်မည်။ ကရင်မှအပ ကရင်နီနယ်အတွင်း အနည်းဆုံး (၇) နှစ်နေထိုင်သူအား ကရင်နီနယ်သားအဖြစ် မှတ်ယူမည်။

(၉) ကရင်နီပြည်သူလူထုသည် ဒီမိုကရေစီနိုင်ငံများတွင်ရရှိသော အခွင့်အရေးနှင့်အကျိုးကျေးဇူး များကို ရရှိခံစားနိုင်ရမည်။

(၁၀) ကရင်နီနယ်ကောင်စီသည် ရသုံးငွေပြဌာန်းခွင့်အာဏာ၊ ဥပဒေပြုအာဏာ၊ အမှုထမ်းများခန့်အပ်သော တာဝန်ချထားခွင့်အာဏာများရှိစေရမည်ဟူ၍ ဖော်ပြထားပြီး မိုးဗြဲနယ်ကိုယ်စားလှယ် ဦးသိုက်ဘဟန်နှင့် စော်ပေါလေးတို့ကလည်း သဘောတူလက်မှတ်ရေးထိုးကြသည်။

ထိုစာတမ်းကို တင်သွင်းပြီးနောက် စောဂေးဘတ်ကရာစူးက ဆက်လက်ထွက်ဆိုသည်မှာ တောင်တန်းသားများ စည်းလုံးညီညွတ်ရေးဦးစီးအဖွဲ့က ကရင်နီနယ်မှကိုယ်စားလှယ်အား ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် မသတ်မှတ်ဘဲ တင်းပြည့်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရွေးချယ်လျှင် ကရင်နီသည် ထိုဦးစီးအဖွဲ့ သိုဝင်မည်ဖြစ်ကြောင်း၊ ဝန်ကြီးများအုပ်ချုပ်သော မြန်မာပြည်မနှင့် ပေါင်းစည်းရေးအတွက် ဆုံးဖြတ်ချက်မချရသေးကြောင်း၊ းမြန်မာပြည်မကို စောင့်ကြည့်အကဲခတ်လျှက်ရှိကြောင်း၊ လိုအပ်လျှင်မူမြန်မာပြည်မနှင့် ပေါင်းစည်းမည်ဖြစ်ကြောင်း၊ ယခုအခါ တောင်တန်းဒေသများနှင့်သာ ပူးပေါင်းရန်ရည်ရွယ်ကြောင်းသံလွင်ခရိုင်နှင့် ပူးပေါင်းရေးကိုလိုလားကြောင်း၊ သံလွင်ခရိုင်သာမက စစ်တောင်းမြစ်အရှေ့ခြမ်းရှိ ကရင်များ နေထိုင်သော တောင်တန်းဒေသ၊ မိုးဗြဲနယ်တို့နှင့်ပူးပေါင်း၍ ပြည်နယ်ကြီးတစ်နယ် ဖွဲ့စည်းလိုကြောင်း၊ တိုင်းပြည်ပြုလွှတ်တော်သို့လည်း ကိုယ်စားလှယ် (၃) ဦး ရွေးချယ်စေလွှတ်လိုကြောင်း၊ နေသဟာယအဖွဲ့အတွင်း မြန်မာနိုင်ငံပါဝင်လျှင်သာ မြန်မာများနှင့် ပူးပေါင်းလိုကြောင်း၊ ကရင်နီနယ်သည် ဦးစွာတောင်တန်းသားများ စည်းလုံးညီညွတ်ရေးဦးစီးအဖွဲ့ နှင့်ပူးပေါင်းမည် ထိုအဖွဲ့ နှင့်တိုင်ပင်ဆွေးနွေးပြီး မြန်မာပြည်မနှင့် ပေါင်းသင့်မပေါင်းသင့်ကို အဖြေပေးမည်ဖြစ်ကြောင်းတောင်တန်းသားများ စည်းလုံးညီညွတ်ရေးဦးစီးအဖွဲ့က မြန်မာပြည်မနှင့်ပေါင်းမည်ဟု ဆုံးဖြတ်သည့်တိုင်အောင်လည်း ကရင်နီခေါင်းဆောင်တစ်ဦးချင်းစီ၏ဆန္ဒကို ပြန်လည်ခံယူမည်ဖြစ်ကြောင်း၊ တောင်းတန်းဒေသအုပ်ချုပ်ရေးကို မနှစ်သက်လျှင် ခွဲထွက်နိုင်ခွင့်လည်းရလိုကြောင်း ထွက်ဆိုသွားခဲ့သည်။

 

မိုးဗြဲနယ်ကိုယ်စားလှယ်ထွက်ဆိုချက်။

မိုးဗြဲနယ်ကိုစားလှယ် ဦးသိုက်ဘဟန်သည် ကရင်နီကိုယ်စားလှယ်များနှင့်အတူ တောင်တန်းဒေသစုံစမ်းရေးအဖွဲ့ထံသို့ရောက်လာခဲ့သည်။ ဦးသိုက်ဘဟန်က မိုးဗြဲနယ်သည် ပဒေသရာဇ်ရှမ်းပြည်အတွင်း ပါဝင်သောနယ်ဖြစ်သော်လည်း ထိုနယ်တွင် နေထိုင်သူတို့၏ (၉၀) ရာခိုင်နှုန်းမှာ ကယန်း (ပဒေါင်) များဖြစ်ကြောင်း၊ မိုးဗြဲနယ်ပြည်သူလူထုသည် ကရင်နီနယ်နှင့်ပူးပေါင်းနေထိုင်လိုကြောင်း၊ မိုးဗြဲစော်ဘွားကို ပြည်သူလူထုက  မနှစ်သက်သဖြင့်  စော်ဘွားကိုယ်တိုင် မိုးဗြဲတွင်မနေနိုင်ဘဲ ပင်လောင်းတွင် နေထိုင်ရကြောင်း၊ မိမိသည် နယ်အုပ်အဖြစ် အုပ်ချုပ်နေရကြောင်း၊ မိုးဗြဲနယ်အနေဖြင့် တိုင်းပြည်ပြု လွှတ်တော်သို့ ကိုယ်စားလှယ်စေလွတ်လိုကြောင်း ထွက်ဆိုသည်ဦးသိုက်ဘဟန်သည် ကရင်နီ ကိုယ်စားလှယ်တို့ တင်သွင်းသော စာတမ်းကိုလည်း ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။

 

ချင်းခေါင်းဆောင်များထွက်ဆိုချက် -

ချင်းပြည်ရမ်အုပ်မင်းချင်းခေါင်းဆောင်များတို့က ချင်းပြည်သည် အမျိုးသားများတန်းတူရည်တူ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသောပြည်ထေင်စုတွင် ပါဝင်လိုကြောင်း၊  နောင်တွင် ခွဲထွက်လိုသော် လည်းကောင်းမြန်မာနိုင်ငံနှင့်ပူးပေါင်းသော်လည်းကောင်း၊ အဟန့်အတားမရှိစေရဟု ထွက်ဆိုကြသည်။ ဝ စော်ဘွား စဝ်မဟာသည် အခြားစော်ဘွားများနှင့် ကြိုတင်ညှိနှိုင်းခြင်းမရှိသဖြင့် ဝ ပြည်အကြောင်း နှင့်ပတ်သက်၍ တစ်စုံတစ်ရာပြောဆိုနိုင်ခြင်းမရှိကြောင်းထွက်ဆိုသည်။ တောင်ပိုင်း ဝ နယ်များမှ စေလွှတ်သော စဝ်နော်ဆန်းနှင့် နော်ခမ်းဦးတို့သည် ဧပြီလ ၁၂ ရက်နေ့ တွင် ရောက်လာပြီး မှိုင်းလုံးနယ် ကိုယ်စားလှယ် နော်ခမ်းဦးက ပြည်ထောင်စုရှမ်းပြည်နယ်တွင် နေထိုင်လိုကြောင်း၊ စုံလုံနယ်မှကိုယ်စားလှယ် စဝ်နော်ဆန်းကမူ ၀ နှင့် ရှမ်းလူမျိုးချင်းမတူသဖြင့် ဝ နယ်သည် ပြည်ထောင်စုရှမ်းပြည်တွင် မပါဝင်လိုကြောင်း ထွက်ဆိုသည်။

ကရင်ခေါင်းဆောင်များဖြစ်ကြသော KNU အဖွဲ့၊ သံလွင်ခရိုင်အဖွဲ့၊ စောမာရှယ်ရွှင်အဖွဲ့ နှင့် ကရင်လူငယ်အဖွဲ့ အသီးသီးထွက်ဆိုချက်များ အကျဉ်းချုပ် စုစည်းပါက သံလွင်ခရိုင်၊ ကရင်နီနယ်နှင့် မိုးဗြဲနယ်စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း၊ တနင်္သာရီတစ်လျှောက်လုံးအပါအဝင် ကရင်ပြည်ထူထောင်၍ တန်းတူရည်တူပြည်ထောင်စုတွင် ပါဝင်မည်ဟုထွက်ဆိုကြသည်။  ခွဲထွက်ရေး၊ မခွဲထွက်ရေး ပြောဆိုတင်ပြခြင်းမရှိပါ။

ဆွမ္မရာ၊ ဆောင်သွတ်ဆင်းကလိန်၊ ခွန္တီး၊ ဟုမ္မလင်းနယ်မြေများမှ ရှမ်း၊ နာဂ၊ ချင်းတို့က ပြည်ထောင်စုနှင့် ပူးပေါင်းရန်နှင့် အခြားနယ်များကဲ့သို့ခွဲထွက်ခွင့်ရရှိရန် အသီးသီးထွက်ဆိုကြသည်။

တောင်တန်းဒေသစုံစမ်းရေးအဖွဲ့ ၏လုပ်ငန်းသည် ၁၉၄၇ ခုနှစ် ဧပြီလ ၂၁ ရက်နေ့ တွင် ပြီးဆုံးသွားသည်။


 

စုံစမ်းရေးအဖွဲ့ ၏ အစီရင်ခံစာ

စုံစမ်းရေးအဖွဲ့ အစီရင်ခံစာကို ၁၉၄၇ ခုနှစ်ဧပြီလ ၂၁ ရက်တွင် သဘောတူလက်မှတ်ရေးထိုးကြသည်။

(၁) ရှမ်းပြည်ကို ကိုးကန့်နယ်အပါအဝင် တောင်ပေါ်စခန်းမြို့ ဖြစ်သော လားရှိုး၊ တောင်ကြီး၊ ကလော၊ လွိုင်လင်၊ လွိုင်မွေ တို့ကိုပေါင်းစပ်ရန် အကြံပြုသည်။

(၂) ကချင်ပြည်ကို မြစ်ကြီးနား၊ ခရိုင်ဗန်းမော်ခရိုင် ပေါင်းစပ်၍ တိုင်းပြုပြည်ပြုလွှတ်တော်တွင် အတည်ပြုရန် အကြံပြုသည်။

(၃) ချင်းတောင်တန်းဒေသနှင့် ကရင်နီနယ်များ၏ အနာဂတ်အရေးနှင့်ပတ်သက်၍ တိုင်းပြုပြည်ပြုလွှတ်တော်တွင် ညှိနှိုင်းသင့်ကြောင်း အကြံပြုသည်။

(၄) မိုးဗြဲနယ်အနာဂတ်အရေးကို ရှမ်းပြည်လွှတ်တော်၊ မိုးဗြဲနှင့် ကရင်နီနယ်တို့ မှ ကိုယ်စားလှယ်တို့ ပါဝင်သောကော်မတီက အဆုံးအဖြတ်ပေးရန် အကြံပြုသည်။

(၅) သံလွင်ခရိုင်၊ တောင်သွတ်ဆင်းကလိန်၊း ခန္တီး၊ ဆွမ္မရာဒေသဟုမ္မလင်းခရိုင်ခွဲတို့ ကို ဝန်ကြီးများ အုပ်ချုပ်သော ဗမာပြည်မနှင့် ပူးပေါင်းသင့်သည်ဟု အကြံပြုသည်။

(၆) နာဂ တောင်တန်းနှင့် ဝ နယ်များတို့ သည် ဗမာပြည်မ၏အစိတ်အပိုင်းများအဖြစ်ဖြင့်သော်လည်း ကောင်းပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပါဝင်သော်လည်းကောင်း ပြည်နယ်များအဖြစ်ဖြင့်သော်လည်းကောင်း ထိုနယ်များဖွံ့ ဖြိုးတိုးတက်ရန်အထိ ထိုနယ်များ၏ အုပ်ချုပ်ရေးကို အခြားပြည်နယ်တစ်ခုခု၏ အစိုးရက ကြီးကြပ်ကွပ်ကဲထားသင့်ကြောင်း၊ နာဂ တောင်တန်းကို ဗမာပြည်မအစိုးရကလည်းကောင်း၊ ဝ နယ်များကို ရှမ်းပြည် သို့မဟုတ် ပြည်ထောင်စုကောင်စီကလည်းကောင်း  ကြီးကြပ်ကွပ်ကဲ အုပ်ချုပ်သင့်ကြောင်း အကြံပြုသည်။ ယခုအခါ ရှမ်းပြည်အစိုးရက ဝ နယ်အုပ်ချုပ်ရေးကို ပို၍ကြီးကြပ်ကြိုးကိုင်အုပ်ချုပ်သင့်သည်ဟု စုံစမ်းရေးအဖွဲ့က ထင်မြင်သည်ဟူ၍ အသီးသီးအကြံပြုထားသည်။

ထို့ကြောင့် ဝစော်ဘွားနယ်များနှင့် စစ်ကိုင်းမြောက်ပိုင်း ရှမ်း၊ နာဂ၊ ကူကီးချင်း တိုင်းရင်းသားများ နေထိုင်ကြသည့်နယ်များသည် ဗမာပြည်မရှမ်းပြည်ထဲသို့ ထည့်သွင်းသတ်မှတ်ရန်မဟုတ်ဘဲ နယ်မြေမဖွံ့ ဖြိုး မတိုးတက်သေးမှီ ဗမာပြည်မအစိုးရရှမ်းပြည်အစိုးရ အုပ်ချုပ်ရေးအောက်တွင် ယာယီထည့်သွင်းထားခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များတို့သည် လွတ်လပ်ရေးရရှိပြီးပါက အမျိုးသားများတန်းတူရည်တူ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရန် လိုအပ်သည့်အခြေခံမူများအခြေခံကျောရိုးများကို ချမှတ်ထားခဲ့သည်။


 

ကဏ္ဍ (၂) ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန် ဖဆပလအဖွဲ့ချုပ်က အခြေခံမှုနှင့် ကျောရိုးများရမှတ်ခြင်း။

 

ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီး တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်တက်ရောက်သည့် တိုင်းပြုပြည်ပြုလွှတ်တော်ကဲ့သို့သော ရန်ကုန်မြို့၊ ဂျူဗလီခန်းမကြီး၌ ၁၉၄၇-ခုနှစ်မေလ ၂၃-၂၄ ရက်နေ့ တွင်ကျင်းပသော တိုင်းပြုပြည်ပြု ဖဆပလပဏာမညီလာခံသဘင်တွင် အဆို(၁၄) ခု တင်သွင်းသည့်အပေါ် ဖဆပလ၏ပဏာမညီလာခံက သဘောတူလက်ခံ ချမှတ်ထားခဲ့သည်။

 

အခန်း(၁) နိုင်ငံဖွဲ့စည်းပုံ

(၁) ဗမာနိုင်ငံတော်ကို လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံဟူ၍ ကြေညာရမည်။

(၂) ဆိုခဲ့ပြီးသော လွတ်လပ်ပြီးသော အချုပ်အခြာအာဏာပိုင်သမ္မတ နိုင်ငံတော်တွင် -

(က)

     (၁) ဗမာပြည်ဝန်ကြီးအဖွဲ့က အုပ်ချုပ်သော ဗမာပြည်မ

     (၂) ဟုမ္မလင်းခရိုင်ခွဲ

     (၃) ဆင်ကလိန်ခန္တီ

     (၄) သောင်သွတ်

     (၅) ဆွမ္မရာနယ်ပယ်

     (၆) နာဂတောင်တန်းများ

     (၇) သံလွင်ခရိုင်

     (၈) ကန်ပက်လက်ခရိုင်ခွဲ

     (၉) ရခိုင်တောင်တန်းဒေသ ဟူ၍ ခေါ်ဝေါ်သောဒေသများ

 

(ခ) ကိုးခန်းနှင့် မောင်းပိုင်တို့ အပါအဝင်ဖြစ်သော ရှမ်းပြည်ထောင်စု

(ဂ)  ကရင်နီပြည်နယ်များ

(ဃ) ကချင်တောင်တန်းများ

(င) ကန်ပက်လက်ခရိုင်ခွဲ မပါသော ချင်းတောင်တန်းခရိုင်တို့ ပါဝင်ရမည်။

 

(၃) ဆိုခဲ့ပြီးသောလွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံတော်သည် ပြည်ထောင်စုဗမာနိုင်ငံ တော်ဟုခေါ်တွင်ရမည်။

 

(က) အောက်ပါဂုဏ်အင်္ဂါများရှိသော ပြည်သူပြည်သားများအား ပြည်ထောင်စုပြည်နယ်အဆင့်အတန်းကိုပေးအပ်မည်

၁။ ပထဝီအနေအထားအရ နယ်နိမိတ်အထင်အရှားရှိခြင်

၂။ ဗမာစကားနှင့်မတူသော ဘာသာစကားတမျိုးတည်းရှိခြင်း၊

၃။ ယဉ်ကျေးမှုတစ်မျိုးတည်းရှိခြင်း၊

၄။ ရာဇဝင်အစဉ်အလာ တမျိုးတည်းရှိသော လူစုရှိခြင်း

၅။ စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးနှင့် စီးပွားရေးလုံလောက်မှုတို့ရှိသော လူစုရှိခြင်း၊

၆။ လူဦးရေ အတော်အတန်ရှိခြင်း

၇။သီးခြားပြည်ထောင်စုဒေသတခုအဖြစ်ဖြင့် မိမိ၏ကိုယ်ပိုင် ထင်ရှားချက်အတိုင်း နေလိုသောဆန္ဒရှိခြင်း

 

(ခ) ကိုယ်ပိုင်အုပ်ချုပ်ရမည့် နယ်အဆင့်အတန်းကို အထက်ပါဂုဏ်အင်္ဂါများ၊ နည်းများမဆိုရှိပါသော်လည်း စီးပွားရေးလုံလောက်မှုရဲ့နေသော ပြည်သူပြည်သားများအား ပေးအပ်ရမည်။

(ဂ) လူမျိုးစုပြည်နယ်အဆင့်အတန်းကိုနည်းများမဆို သီးခြားဘာသာစကားရှိခြင်း၊ ထိုဘာသာစကားကို အတော်အသင့်အားဖြင့် တစုတပေါင်းတည်းပြောဆိုသောဒေသရှိခြင်း။ မိမိ၏ ကိုယ်ပိုင်ထင်ရှားချက် အတိုင်းနေလိုသောဆန္ဒရှိခြင်းတို့မှတပါး အထက်ပါအားလုံးသော ဂုဏ်အင်္ဂါများ၌ ချို့ငဲ့နေသော ပြည်သူပြည်သားများအား ပေးအပ်ရမည်

(ဃ) တိုင်းရင်းသားလူနည်းစုအခွင့်အရေးများကို

၁။ လူမျိုးအားဖြင့်လည်းကောင်း၊ ဘာသာစကားအားဖြင့်လည်းကောင်း၊ းယဉ်ကျေးမှုအားဖြင့်လည်းကောင်း၊ ရာဇဝင်အစဉ်အလာအားဖြင့်လည်းကောင်း လူများစုနှင့်ကွဲပြားခြားနား၍

၂။ ဗမာတပြည်လုံး၌ဖြစ်စေအဖွဲ့ဝင်ဒေသတစ်ခုခု၌ဖြစ်စေ၊ ရှိသောလူဦးရေအားလုံးတွင် အနည်းဆုံး (၁၀)ပုံ (၁)ပုံမျှ လူဦးရေရရှိသောလူတစုအားရရှိနိုင်စေရန် ဝန်ခံချက်ပြုရမည်။

(အခန်း ၁ ဆုံး)

 

အခန်း (၂) မူလအခွင့်အရေးများ

အခန်း(၃) နိုင်ငံတော်ဝါဒ၏ ရည်ရွယ်ချက်သဘောတရားများ

အခန်း (၄) ပြည်ထောင်စုဗမာနိုင်ငံတော်သမ္မတ

အခန်း(၅) ပြည်ထောင်စုဥပဒေပြုအဖွဲ့

အခန်း (၆) ပြည်ထောင်စုအုပ်ချုပ်ရေးအဖွဲ့

အခန်း (၇) ပြည်ထောင်စုဥပဒေအဖွဲ့

အခန်း(၈) ပြည်ထောင်စုပြည်နယ်

အခန်း (၉) ကိုယ်ပိုင်အုပ်ချုပ်ရပြည်နယ်

အခန်း (၁၀) လူမျိုးစုပြည်နယ်အုပ်ချုပ်ရေးအရာရှိ အခန်း (၁၁) တိုင်းရင်းသားလူနည်းစုများ

အခန်း (၁၂) ခွဲထွက်နိုင်သောအခွင့်အရေး

အခန်း (၁၃) နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်း

အခန်း (၁၄) စပ်ကူးမတ်ကူးကာလနှင့် သက်ဆိုင်သော ပြဋ္ဌာန်းချက်များ

မှတ်ချက် အထက်ဖော်ပြပါ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီး တိုင်းပြုပြည်ပြုလွှတ်တော်ကဲ့သို့ သဘောတူ ချမှတ်ထားသော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရာတွင် အခြေခံထားရှိရမည့်မူများကျောရိုးများ အခန်း(၁၄)ခန်း ချမှတ်ထားခဲ့သည်။ သို့ရာတွင် အခန်း (၂) မှ (၁၄) အထိ ခေါင်းစဉ်များကိုသာ ဖော်ပြထားပါသည်။

 

အခန်း (၁) နှင့် ပတ်သက်၍ အောက်ပါအတိုင်း အပြည့်အစုံ ရှင်းလင်းဖော်ပြပါသည်

ရှင်းလင်းချက်။

အခန်း(၁)ဖွဲ့စည်းပုံ ပုဒ်မ(၁)သည် နိုင်ငံတော်အဆင့်အတန်းကို ဖော်ပြထားသည်။ ပုဒ်မ(၂)(က)သည် ပြည်ထောင်စုအဖွဲ့ဝင် အမျိုးသားပြည်နယ်များ (၅) ခုကိုလျာထားသည်။

ပုဒ်မ(၃)(က)သည် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်သစ်များဖော်ဆောင်ပေးရန် ဂုဏ်အင်္ဂါများ(၇) ချက် ဖော်ပြထားသည်ဖြစ်ပြီး ဂုဏ်အင်္ဂါရပ်အချက် (၂) သည် မြန်မာစကားနှင့်မတူသော ဘာသာစကားတစ်မျိုး တည်းရှိခြင်းဟု ဖော်ပြထားသည်မှာ ပြည်ထောင်စုအဖွဲ့ဝင် အမျိုးသားပြည်နယ်များ လျာထားပြီးသော ကချင်၊ ကရင်နီ၊ ချင်း၊ ရှမ်း အမျိုးသားများအတွက်ဖော်ပြထားခြင်းမဟုတ်ကြောင်း ထင်ရှားသည်။ အဆိုပါ ကချင်၊ ကရင်နီ၊ ချင်း၊ ရှမ်း တိုင်းရင်သားများသည် မြန်မာစကားနှင့် တူ၊ မတူမေးစရာမလို ဖြေစရာမလိုကြောင်း ရှင်းလင်းပေသည်။ အထက်ဖော်ပြပါ ဂုဏ်အင်္ဂါရပ်များ(၇)ချက်ဖော်ပြသည်အနက် အချက် (၂)အရ မြန်မာစကားနှင့်မတူသော ဘာသာစကား တမျိုးတည်းရှိခြင်းဖော်ပြထားသည်မှာ ဗမာပြည်မနယ်မြေတွင် အတူတကွနေထိုင်ကြပြီး ပင်လုံစာချုပ်တွင်ပါဝင်လက်မှတ်ရေးထိုးခြင်းမပြုနိုင်သော ကရင်၊ မွန်၊ ရခိုင်အမျိုးသားများအတွက် ဖော်ပြထားခြင်းဖြစ်ကြောင်း ထင်ရှားပါသည်။ သို့ဖြစ်ပါ၍ ပြည်ထောင်စုဖွဲ့စည်းပုံရေးဆွဲရာတွင် ကရင်၊ မွန်၊ ရခိုင်အမျိုးသားများအတွက် တပြိုင်တည်း ပြည်ထောင်စုအဖွဲ့ဝင် အမျိုးသားပြည်နယ်များအဖြစ် ဖော်ထုတ်ရမည်ဖြစ်သည်။ ထို့အတူ မြန်မာအမျိုးသားများသည်လည်း ပင်လုံစိတ်ဓါတ်အရ အခြားတိုင်းရင်းသားများနှင့် အဆင့်အတန်းတူညီသဖြင့် မြန်မာအမျိုးသားများအတွက်ကိုလည်း ပြည်ထောင်စုအဖွဲ့ဝင် အမျိုးသားပြည်နယ်တစ်ခုအဖြစ် တပြိုင်တည်းဖော်ထုတ်ရမည်ကို ကရင်၊ မွန်၊ ရခိုင်၊ ဗမာ အမျိုးသားများအပြင် အားလုံးနားလည်လက်ခံရမည်ဖြစ်သည်။ ထို့ပြင် ပုဒ်မ (၃) ပုဒ်မခွဲ(ခ)(ဂ)(ဃ)(ဃ၁-၂)တွင် ကျန်ရှိသည့် အခန်း(၁) ပုဒ်မ (၂)(က)(၂-၄-၅ ၆-၇-၈-၉)နယ်မြေများတွင် နေထိုင်ကြသော လူမျိုးစုများ အတွက်ကိုလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်များလူမျိုးစုပြည်နယ်များ အဆင့်အတန်းများပေးအပ်ရမည်ဟု ဖော်ပြချမှတ်ထားခြင်း ဖြစ်သည်။

ကဏ္ဍ (၃) ဖွဲ့စည်းပုံအခြေခံဥပဒေရးဆွဲရန် တိုင်းပြုပြည်ပြုလွှတ်တော်က အခြေခံမူများချမှတ်ခြင်း။

 ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇-ခုနှစ်ဇွန်လ(၁၆)ရက်နေ့ တိုင်းပြုပြည်ပြုလွတ်တော် ပထမညီလာခံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင်ထားရှိရမည့် အခြေခံမူ(၄)ချက်နှင့် လမ်းညွှန်ချက်(၇) ချက်အဆိုကိုတင်သွင်းပြီး ညီလာခံက တညီတညွတ်တည်းသဘောတူညီချက် ချမှတ်ခဲ့သည်။

အခြေခံမူများ(၄)ချက်

(၁) လွတ်လပ်သောနိုင်ငံဖြစ်ရမည်။ (Independence)

(၂) အချုပ်အခြာအဏာပိုင်ရမည်။ (Sovereignty)

(၃) ဒီမိုကရေစီသမ္မတနိုင်ငံဖြစ်မည်(Republic)

(၄) ပြည်ထောင်စုနိုင်ငံဖြစ်ရမည်(Union State) ဟု ချမှတ်ထားသည်။

 

မှတ်ချက်

အထက်ဖော်ပြပါ ပထမကြိမ်တိုင်းပြုပြည်ပြုလွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန် အခြေခံမူ(၄)ချက်ကို အတိုချုံးဖော်ပြထားသော်လည်း အနှစ်သာရအားဖြင့်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသမ္မတနိုင်ငံထူထောင်ရန်  ပြီးပြည်စုံစွာ သံဓိဌာန်ချမှတ်ထားကြောင်း ရှင်းပေသည်။

 

အခြေခံမူ(၁)နှင့်(၂)သည် ကနေဒါဩစတေးလျနိုင်ငံကဲ့သို့ ဒိုမီနီယံအစောင့်အရှောက်ခံနိုင်ငံ လက်မခံဘဲလုံးဝလွတ်လပ်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိရမည်ဟုသတ်မှတ်ထားသည်။ ပြည်သူ့လွှတ်တော်တရပ်နှင့် အမျိုးသားပြည်နယ်များ တန်းတူရေးကိုဖော်ဆောင်ပေးသော အမျိုးသားလွှတ်တော်တရပ်ထားရှိပြီး ထပ်တူဥပဒေပြုအာဏာ သတ်မှတ်ထားသည်။

အခြေခံမူ (၄) သည် တပြည်ထောင်မဟုတ်ပြည်မနှင့်ပြည်နယ်များ ဖားတပိုင်းငါးတပိုင်း ပြည်ထောင်စုမဟုတ်ဘဲ ပြည်ထောင်စုစစ်စစ်နိုင်ငံတော်ကို တည်ထောင်ရမည်ဟု အတိအလင်းချမှတ်ထားခဲ့သည်။

အခြေခံမူ(၃)သည် ပြည်သူလူထု၏ ဒီမိုကရေစီအခွင့်အရေးကို ဖော်ဆောင်ပေးသော ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြုပြည်ပြုလွှတ်တော် ပထမညီလာခံတွင်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာ၌ အခြေခံရမည့်အခြေခံမူ(၄)ချက်နှင့် လမ်းညွှန်ချက်(၇)ချက်ကို ရှင်းလင်းချက်များနှင့်တကွ တင်ပြပြီး ညီလာခံကတခဲနက်အတည်ပြု ချမှတ်ခဲ့သည်။

 

လမ်းညွှန်ချက်(၇) ချက်

လွတ်လပ်သည့်အချုပ်အခြာအာဏာပိုင် ဗမာနိုင်ငံတော်အတွက် ရေးဆွဲရမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်ပတ်သက်သည့် လမ်းညွှန်ပြဌာန်းချက် (၇) ချက်ကိုတင်သွင်းပြီး အတည်ပြုချက် ရယူခဲ့သည်။

တောင်တန်းဒေသများနှင့် ကရင်နီနယ်များအပါအဝင်ဖြစ်သော မြန်မာနိုင်ငံတော်သူ နိုင်ငံတော်သားတို့၏ ကိုယ်စားလှယ်များသည် တိုင်းသူပြည်သားတို့၏ အာသီသဆန္ဒနှင့်လျော်ညီစွာနိုင်ငံတော် ဖွဲ့စည်းအုပ် ချုပ်ပုံအခြေခံဥပဒေကို စီစဉ်ရေးဆွဲရန်အလို့ဌာ စုံညီစုဝေးကြလျက်အောက်ပါပြဌာန်းချက်များကို ချမှတ်ကြောင်း။

၁။နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာပြည်ထောင်စုနိုင်ငံတော်ဟု ခေါ်တွင်စေသော လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်သမ္မတနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဖြစ်စေရမည်။ ထို့အပြင် -

၂။ ပြည်ထောင်စုနိုင်ငံတော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဟု သတ်မှတ်ဖော်ပြသည့် တတီးပုဂ္ဂလပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် သတ်မှတ်ပြထားသည့်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာရရှိစေရမည်။ ထို့အပြင် -

၃။ အချုပ်အခြာအာဏာပိုင် လွတ်လပ်သောသမ္မတ ဗမာနိုင်ငံတော်နှင့်တကွ အပါအဝင်ဖြစ်သည့် ပြည်နယ်များနှင့်အစိုးရ အဖွဲ့အစည်းအားလုံးတို့၏ အခွင့်အဏာဟူသမျှတို့သည် တိုင်းသူပြည်သားတို့ထံမှ ဆင်းသက်စေရမည်။ ထို့အပြင် -

၄။ ပြည်ထောင်စုနိုင်ငံတော်၏ တိုင်းသူပြည်သားမှန်သမျှသည် လူမှုရေးရာ၌လည်းကောင်း၊ စီးပွားရေးရာ၌လည်းကောင်းနိုင်ငံရေးရာ၌လည်းကောင်း တရားမျှတမှုရှိစေလျှက်၊ အဆင့်အတန်း အခွင့်အရေးဥပဒေသက်ရောက်မှုတို့တွင် ဆူကြုံနိမ့်မြင့်မရှိ ပကတိတူညီစေရမည့်အပြင်၊ တရားဥပဒေနှင့် သော်လည်းကောင်း၊ အများပြည်သူတို့စောင့်စည်းအပ်သော အကျင့်သိက္ခာနှင့်သော်လည်းကောင်း မဆန့်ကျင်သမျှ လွတ်လပ်စွာကြံစည်ပိုင်ခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ယုံကြည်ပိုင်ခွင့်၊ ဘာသာတရားကိုးကွယ်ပိုင်ခွင့်၊ ဝတ်ပြုခွင့်ပရိယေသနရှာမှီးပိုင်ခွင့်၊ စည်းရုံးပိုင်ခွင့်၊ ပြုမူဆောင်ရွက်ပိုင်ခွင့်တို့ ရရှိတည်မြဲစေရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် အခိုင်အလုံ သတ်မှတ်ထားရှိစေရမည်။ ထို့အပြင် -

၅။ ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် လူနည်းစုများအဖို့ လုံလောက်အောင်ကာကွယ်ချက်များ ထည့်သွင်းပြဋ္ဌာန်းထားရှိစေရမည်။ ထို့အပြင် -

၆။ လွတ်လပ်သောအချုပ်အခြာအာဏာပိုင် သမ္မတဗမာနိုင်ငံ၏နယ်မြေတို့ တပေါင်းတစည်းတည်း တည်တံ့ခိုင်မြဲရေးကိုလည်းကောင်း နိုင်ငံ၏ ကြည်း၊ ရေ၊ လေတို့ကို အချုပ်အခြာ စိုးမိုးအုပ်ချုပ်ပိုင်ခွင့်ကို လည်းကောင်း တရားဓမ္မနှင့်တကွ ပြည်ထောင်ချင်းချင်း ဥပဒေအရထိန်းစောင့်ထားရှိစေရမည်။ ထို့အပြင် -

၇။ ရာဇဝင်တွင် ထင်ရှားခဲ့သောဤ ဗမာနိုင်ငံတော်သည် ကမ္ဘာတွင်မိမိ၏ ဂုဏ်ကျက်သရေနှင့်လျော်စွာ ရသင့်ရထိုက်သော အဆင့်အတန်းသို့ရောက်ရှိစေရမည့်အပြင်၊ လူသတ္တဝါတို့၏တိုးတက်ရေးနှင့် ကောင်းကျိုးချမ်းသာပြည့်ဝရေးတို့ကို တာဝန်အလျောက်စေတနာဖြင့်အစွမ်းကုန်ဖြည့်စွက်ထမ်းရွက်ကာ ပြည်ထောင်ချင်းချင်းဆိုင်ရာ တရားဓမ္မနှင့် ကျင့်ဝတ်သိက္ခာကိုအခြေခံပြု၍ ကမ္ဘာ့ငြိမ်းချမ်းရေးရှေ့ရှုလျက် နိုင်ငံတကာတို့နှင့် မိတ်ဝတ်မပျက်တွဲဖက်ပူပေါင်းဆောင်ရွက်မှုကို ခိုင်မြဲသောအဓိဋ္ဌာန်ဖြင့် စောင့်ထိန်းတော့ အံ့။

မှတ်ချက်။

အထက်ဖော်ပြပါ အခန်း (၄) ကဏ္ဍအပိုင်း (၃) ပိုင်းတွင် ပါရှိသည့်အတိုင်း ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဖဆပလအဖွဲ့ချုပ်နှင့် တိုင်းရင်းသားခေါင်းဆောင်တို့သည်ပြည်သူ၊ ပြည်သားများ ဒီမိုကရေစီအခြေခံ လူ့အခွင့်အရေးများရှိစေရမည့်အပြင် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ မြန်မာ၊ ရှမ်း၊ ရခိုင် တိုင်းရင်းသားများ တန်တူရည်တူ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိပြီ းဖက်ဒရယ်ပြည်ထောင်စုသမ္မတနိုင်ငံတော် တည်ဆောက်ရေးအတွက် လိုအပ်သောအခြေခံဥပဒေမူများ၊ ကျောရိုးများ၊ လမ်းညွှန်ချက်များကို အပြည့်အစုံ အခိုင်အမာချမှတ်ထားပြီးဖြစ်ပေသည်။

အကယ်၍သာ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များတို့သည် အမျိုးသားများ တန်းတူရည်တူ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စုသမ္မတနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင်  အခြေခံထားရှိရမည့်မူများ၊ အခြေခံကျောရိုးများကိုအခိုင်အမာ ချမှတ်ထားခဲ့ပြီးဖြစ်သည်။ အကယ်၍ ဗိုလ်ချုပ်အောင်ဆန်းနှင့်တိုင်းရင်းသားခေါင်းဆောင်များ ချမှတ်ပေးထားသည့် အခြေခံမူပါအတိုင်း  စစ်မှန်သောဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုသမ္မတ နိုင်ငံတော်ကို တည်ဆောက်ခဲ့မည်ဆိုပါက နှစ်ပေါင်း (၇၃) ကျော်ကာလ၌ ယနေ့ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် ကမ္ဘာ့နိုင်ငံတကာအလယ်တွင် ငြိမ်းချမ်းသာယာဝပြောသောနိုင်ငံတော်အဖြစ် ဂုဏ်ယူဝင့်ကြွားစွာတည်ရှိနေမည် ဖြစ်သည်။

 

NCUB NCGUB ဖယ်ဒရယ်ရေးရာကော်မတီနှင့် မြန်မာ့ရှေ့နေများကောင်စီတို ပူးပေါင်းပြီး အနာဂတ်ဖယ်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲနိုင်ရန် အခြေခံမူများချမှတ်နိုင်ရန်အတွက် သွား ရောက်တွေ့ ဆုံဆွေးနွေးရာတွင် ကိုးကားသည့်ကျမ်းစာအုပ်များ

၁။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၆-၇) ရက် ပင်လုံမြို့၌ ကချင်၊ချင်း၊ရှမ်းပူးတွဲကော်မတီ၏ ဆုံးဖြတ်ချက် (၅) ချက် ။(ပင်လုံစာချုပ်၏ ပဋိညာဉ်အခြေခံမူများဖြစ်သည်။)

၂။ ၁၉၄၇ ခု ဖေဖော်ဝါရီ (၁၂) ရက်တွင် ချုပ်ဆိုထားသော ပင်လုံစာချုပ်အချက် (၉) ချက် (လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရေးမူ ဖြစ်သည်)။

၃။ ဖွဲ့စည်းပုံရေးဆွဲရာတွင် မေမြို့ တောင်တန်းဒေသစုံစမ်းရေးအဖွဲ့၏ ၁၉၄၇ ခု မတ်လ မှ ဧပြီလအထိ စုံစမ်းမေးမြန်းခြင်းနှင့် စုံစမ်းရေးအဖွဲ့၏ အစီရင်ခံချက်များ၊

၄။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီး တိုင်းရင်းသားကိုယ်စားလှယ်များပါဝင်တက်ရောက်သည့် တိုင်းပြည်ပြုလွှတ်တော်ကဲ့သို့သော ရန်ကုန်မြို့ ဂျူဗလီခန်းမဆောင်၌ ၁၉၄၇ ခုနှစ် မေလ (၂၃-၂၄ရက်နေ့ တွင် (အဖွဲ့ချုပ်) ပဏာမညီလာခံသဘင်တွင် ဖွဲ့စည်းပုံရေးဆွဲရန် ကျင်းပပြုလုပ်သော အခြေခံထားရှိရမည့်အခြေခံမူများ (၁၄) ချက်။

၅။ ၁၉၄၇ ခု ဇွန်လ (၁၆) ရက်နေ့ ပထမအကြိမ်တိုင်းပြုပြည်ပြုလွှတ်တော်ညီလာခံတွင် ချမှတ်ထားသောအခြေခံမူ (၄) ချက်နှင့် လမ်းညွှန်းချက် (၇) ချက်

၆။ ရှမ်း၊ ကချင်ကရင်နီကရင်ချင်း၊ မွန်၊ ရခိုင်စသည့် တိုင်းရင်းသားခေါင်းဆောင်များသည် တောင်ကြီးမြို့တွင် ၁၉၆၁ ခုနှစ် ဇွန်လ ရက်နေ့ မှ ၁၆ ရက်နေ့ အထိ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးညီလာခံ၏ ဆုံးဖြတ်ချက်များ၊

၇။ ပြည်ထောင်စုမြန်မာနိုင်ငံ၏ လက်ငင်းနိုင်ငံရေးအခြေအနေများဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့်စပ်လျဉ်း၍ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ် (UNLD) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တို့၏ ၁၉၉၀ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့ ဗိုလ်အောင်ကျော်လမ်း ပူးတွဲသဘောထားကြေညာချက်၊

၈။ ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) ထုတ်ပြန်ကြေညာချက်များ

၉။ ၁၉၉၂ ခုနှစ် ဇူလှိုင်လ ၃၀ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDF)၊ မြန်မာပြည် ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ ချုပ် (DAB)ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန် ပေါင်းအစိုးရ (NCUB)အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်လွတ်မြောက်နယ်မြေ (NLD-LA) တို့ ချုပ်ဆိုထားခဲ့သော မာနယ်ပလော သဘောတူစာချုပ်

၁၀။ တိုင်းရင်းသားလူမျိုးများနှီးနှောဖလှယ်ပွဲ မယ်သရောထာ၏ ၁၉၉၇ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ မှ ၁၄ ရက်နေ့ အထိ ထုတ်ပြန်ကြေညာချက် စသည့်သမိုင်းဝင်စာအုပ်စာတမ်းများကို ကိုးကားအခြေခံထား ရှိသည်။

အထက်ဖော်ပြပါ သမိုင်းစာ ၁၀ ခုကို အခြေခံထားပြီး တပ်ပေါင်းစုများအဖွဲ့အစည်းများ အသီးသီးသို့ အကြိမ်ကြိမ်သွားရောက်တွေ့ ဆုံရှင်းလင်း၍ အကြံအညဏ်များအသီးသီး ရယူခဲ့သည်။


 

အနာဂတ်ဖယ်ဒရယ်ပြည်ထောင်စုဖွဲ့စည်းမှုဆိုင်ရာအခြေခံမူများရမှတ်ရေး ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ (၉) ရက်နေ့ မှ (၁၂ရက်နေ့ အထိ နှီးနှောဖလှယ်ပွဲကျင်းပခြင်း

အစည်းဝေးတက်ရောက်သူများ (၁) ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များ၊ (၂) အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDF) အဖွဲ့ဝင်ခေါင်းဆောင်များ၊ (၃) မြန်မာပြည်ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ ချုပ် (DAB) အဖွဲ့ ဝင်ခေါင်းဆောင်များ၊ (၄) NLD – LA အဖွဲ့ ဝင်ခေါင်းဆောင်များ၊ (၅) UNLD – LA အဖွဲ့ ဝင်ခေါင်းဆောင်များ၊ (၆) ရှမ်းဒီမိုကရက်တစ်အစည်းအရုံး (SDU) အဖွဲ့ ဝင်ခေါင်းဆောင်များ၊ (၇) မြန်မာပြည်အမျိုးသမီများအဖွဲ့ချုပ် (WLB) အဖွဲ့ဝင်ခေါင်းဆောင်များ၊ (၈) မြန်မာပြည်ကျောင်းသား လူငယ်များကွန်ဂရက် (SYCB) အဖွဲ့ ဝင်ခေါင်းဆောင်များ၊ (၉) တိုင်းရင်းသား လူငယ်များကွန်ဂရက် (NY Forum) အဖွဲ့ ဝင်ခေါင်းဆောင်များ၊ (၁၀) NGOs အဖွဲ့ အစည်းခေါင်းဆောင်များ စသည့်ခေါင်းဆောင်များ (၁၀၆)ဦး တက်ရောက်ကြ၍ အနာဂတ်ဖယ်ဒရယ် ပြည်ထောင်စုဖွဲ့စည်းမှုဆိုင်ရာခြေခံမူများ ချမှတ်နိုင်ရေးနှီးနှောဖလှယ်ပွဲကြီးကို အကျေအလည်တိုင်ပင်ဆွေးနွေးကြပြီး အခြေခံမူ (၈) ချက်ကို အတည်ပြုချမှတ်သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်

၁။ Soverelgnty Power နိုင်ငံတော်အချုပ်အရာအာဏာ

နိုင်ငံတော်၏အချုပ်အချာအာဏာဟူသမျှတို့သည် ပြည်သူလူထုတို့ထံမှဆင်းသက်စေရမည်။

၂။ Equally တန်းတူအခွင့်အရေး

တိုင်းရင်းသားလူမျိုးတိုင်းသည် နိုင်ငံရေးအရဖြစ်စေလူမျိုးရေးအရဖြစ်စေ တန်းတူရည်တူအခွင့်အရေး ရှိရမည်

၃။ Self-determinaton ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး

တိုင်းရင်းသားလူမျိုးတိုင်းသည် နိုင်ငံရေး အုပ်ချုပ်ရေးစီးပွားရေး နှင့် ယဉ်ကျေးမှ စသည့်ကဏ္ဍအသီးသီးတွင် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးအပြည့်အဝရှိစေရမည်။

၄။ Federal Prindples ဖက်ဒရယ်အခြေခံမူများ

လွှတ်တော်နှစ်ရပ်ထားရှိရေးအပါအဝင် ပြည်ထောင်စုကို ဖွဲ့စည်းရမည်။

၅။ Milnorty Rlghts လူနည်းစုအခွင့်အရေး

ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအတွင်း နေထိုင်ကြသောတိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေး များအတွက် လုံလောက်သောအကာအကွယ်များ ပြဌာန်းပေးရမည်

၆။ Democracy, Human rights and Gender Equalty ဒီမိုကရေစီအခွင့်အရေးအခြေခံလူ့အခွင့်အရေး နှင့် ကျား၊မဆိုင်ရာတန်းတူညီမျှမှု

လိင်ကွဲပြားမှုကို အခြေခံသောခွဲခြားဆက်ဆံမှုများမရှိစေသည့် ဒီမိုကရေစီအခွင့်အရေးများကို ကာကွယ်ပြဌာန်းပေးရမည်

၇။ Secular State

ဘာသာရေးကို အခြေမခံသောနိုင်ငံတော်ဖြစ်စေရမည်။

၈။ Mult-Party Democracy System ပါတီစုံဒီမိုကရေစီစနစ်

အနာဂတ်ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုတွင် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးမည်စသည့်အချက် (၈) ချက်ကို သဘောတူလက်မှတ်ရေးထိုးကြသည်။

 

မှတ်ချက် -

အထက်ဖော်ပြပါ (၈) ချက်အပြင် ပင်လုံစာချုပ်အခြေခံမူအတိုင်းဆိုလျှင်

၉။ လွတ်လပ်စွာပူးပေါင်းခြင်း၊

၁၀။ လွတ်လပ်စွာခွဲထွက်ခွင့်ရှိခြင်း ဟူ၍ ပါရှိသည်။ သို့ ရာတွင် ပူးပေါင်းလာသည်မှာ နှစ်ပေါင်း (၆၀) ကျော်လာပြီး ဖြစ်ပါ၍ ထည့်သွင်းရန် မလိုပါ။ ထို့အတူ လွတ်လပ်စွာခွဲထွက်ခြင်းထက် အမျိုးသားများ တန်းတူရည်တူ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးကိုသာလိုလားကြောင်း သဘောတူကြပါသဖြင့် ယင်း (၂) ချက်ကို ထည့်သွင်းအသုံးမပြုခြင်း ဖြစ်သည်။

 

- မည်သူမဆို လွတ်လပ်စွာဖြန် ဝေနိုင်သည်။